သင်္ကြန်ကာလအတွင်း မှုခင်းများ မဖြစ်ပွားစေရန် ပြည်သူများ သတိပြုရှောင်ကြဉ်ရမည့်အချက်များ
၁။ သင်္ကြန်ပွဲတော်အတွင်း အရက်သေစာ လွန်ကဲစွာ သောက်စားမူးယစ်ခြင်း၊
၂။ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊
၃။ တုတ်/ ဓား လက်နက်များ ဝှက်သိမ်း ကိုင်ဆောင်ခြင်း၊
၄။ ကာမရာဂကို နိုးထစေသော ဆေးများရောင်းချခြင်းနှင့် ဝယ်ယူသုံးစွဲခြင်း၊
၅။ မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသည့် ဝတ်စားဆင်ယင်ခြင်း၊
၆။ မိန်းကလေးများ ဆွေမျိုးသားချင်းမဟုတ်သူများနှင့်အတူ လည်ပတ်ခြင်း၊ ၎င်းတို့မှ ကျွေးသော အစားအသောက်များကို မချင့်မချိန် စားသောက်ခြင်း၊
၇။ အချိန်လွန်ရေပက်ကစားခြင်းနှင့် လည်ပတ်ခြင်း၊
၈။ ရေပက်ကစားပြီး နားသည့်အချိန်၌ စိတ်ကွယ်ရာ၌ အနားယူခြင်း၊
၉။ အရက်သေစာ/မူးယစ်ဆေးဝါးသောက်စားခြင်း၊ ဝန်ပိုများတင်ဆောင်၍ မော်တော်ယာဉ်များ မောင်းနှင်ခြင်း၊
၁၀။ ရေပက်ကစားသူအချင်းချင်း နောက်ပြောင်ကျီစယ်လွန်ခြင်း၊
၁၁။ သင်္ကြန်ကာလအတွင်း အရက်မူးပြီး ရေကန်၊ ချောင်းများ၌ ရေကူးခြင်းနှင့် ရေချိုးခြင်း၊
၁၂။ ရေကစားရာတွင် ယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီး အများအမြင်တွင် မတင့်တယ်သော မဖွယ်မရာ ပုံစံပြုလုပ်ထားသည့် ရေပက်ကိရိယာများနှင့် ရေပက်ကစားခြင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့
မေး။ သင်္ကြန်ကာလမှာ ဘယ်လိုမှုခင်းများ ဖြစ်ပွားပါသလဲရှင့်။
ဖြေ။ - သင်္ကြန်ကာလအတွင်း ဖြစ်ပွားသော မှုခင်းများအနက် ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသော မှုခင်းများနှင့် သင်္ကြန်ကာလတစ်ခုလုံးမှာ ပိုမိုဖြစ်ပွားလေ့ရှိသောမှုခင်းဟူ၍ (၂)မျိုး ရှိပါတယ်။
- သင်္ကြန်ကာတစ်ခုလုံးမှာ ပိုမိုဖြစ်ပွားလေ့ရှိသောမှုခင်းဆိုတာ
- သင်္ကြန်ကာလအတွင်း
- ရေပက်ကစားရာမှ ဖြစ်ပွားသည့်မှုခင်းများ၊
- နောက်ပြောင် ကျီစယ်ရာမှ ခိုက်ရန်ဖြစ်ပွားသော မှုခင်းများ၊
- အရက်သေစာသောက်စားမူးယစ်ရာမှ ခိုက်ရန်ဖြစ်ပွားသောမှုခင်းများ၊
- ရေပက်ကစားပျော်ပါးမှုအတွက် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကာမနိုးထစေသော ဆေးဝါးများသောက်သုံးခြင်းနှင့် တိုက်ကျွေးခံရခြင်းများကြောင့် ဖြစ်ပေါ်သည့် မှုခင်းများ၊
- ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုနှင့် ယာဉ်မတော်တဆမှု ဖြစ်ပွားသောမှုခင်းများ၊
- မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေကန်များ၌ ရေကစားရာမှ ရေနစ်သေဆုံးသည့် သေမှုသေခင်းများ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်၊
မေး။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ မှုခင်းများအခြေအနေကို သိပါရစေရှင့်။
ဖြေ။ - ၂၀၁၆ ခုနှစ်၊ သင်္ကြန်ကာလဖြစ်တဲ့ (၁၂-၄-၂၀၁၆ မှ ၁၆-၄-၂၀၁၆ ထိ) (၅)ရက် အတွင်း ဖြစ်ပွားသည့် မှုခင်းများကတော့-
- လူသတ်မှု ၁၉ မှု သေဆုံးသူ ၁၉ ဦး
- လုယက်မှု ၃ မှု ဒဏ်ရာရ ၂ ဦး
- မုဒိမ်းမှု ၁၃ မှု
- ခိုးမှု ၄၃ မှု
- ယာဉ်တိုက်မှု ၃၅၉ မှု သေဆုံးသူ ၁၃၂ ဦး ဒဏ်ရာရ ၈၃၈ ဦး
- နာကျင်စေမှု ၁၁၉ မှု ဒဏ်ရာရ ၁၆၆ ဦး
- ကျန်အခြားအမှု ၁၉၈ မှု သေဆုံးသူ ၁ ဦး ဒဏ်ရာရ ၈၀ဦး
- လက်နက်မှု ၁၄ မှု
- ယစ်မျိုးဖမ်းဆီးမှု ၁၇ မှု
- ခါးပိုက်နှိုက်မသင်္ကာမှု ၆၄ မှု
- သေမှုသေခင်း ၁၁၈ မှု သေဆုံး ၁၂၀ ဦး
- စုစုပေါင်း ၉၆၇ မှု သေဆုံးသူ ၂၇၂ ဦး ဒဏ်ရာရ ၁၀၈၆ ဦး
ရှိခဲ့ပါတယ်။
- ၂၀၁၆ ခုနှစ်သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သောမှုခင်းများအနေဖြင့် ယာဉ်တိုက်မှု ၃၅၉ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး နာကျင်မှု(ခိုက်ရန်ဖြစ်ပွားမှု)၁၁၉ မှုဒုတိယအများဆုံးဖြစ်ပွားခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်။ မှုခင်းများဖြစ်ပွားရတဲ့ အကြောင်း အရင်းများကို သုံးသပ်ရမယ်ဆိုရင် အရက်သေစာသောက်စား မူးယစ်ပြီး အပျော်လွန်ခြင်းကြောင့် အဓိကဖြစ်ကြောင်း တွေ့ရှိရပါတယ်။
မေး။ ဟုတ်ကဲ့ရှင့်၊ ၂၀၁၇ခုနှစ် သင်္ကြန်ကာလမှုခင်းများလျော့နည်းကျဆင်းအောင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိလိုပါတယ်ရှင့်။
ဖြေ။ - နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခု၌ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်တိုက်မှု လျော့နည်းကျဆင်းစေရေးအတွက် ကြိုတင်ကာကွယ်မှုများ ဖမ်းဆီးအရေးယူခြင်း၊ မှုခင်းကျဆင်းရေးပညာပေးဟောပြောခြင်း၊ ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းပညာပေးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။
- ၂၀၁၇ ခုနှစ် သင်္ကြန်ကာလမှုခင်းများလျော့နည်းကျဆင်းရေးအတွက်-
- လူသတ်မှုနှင့်ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်ပွားအောင် လိုင်စင်မဲ့ အရက်ဆိုင်များ ဖမ်းဆီးခြင်း၊
- သတ်မှတ်အချိန်ကျော်လွန်ရောင်းချသည့်လိုင်စင်ရအရက်ဆိုင်များနှင့် အရက်ပါပူးတွဲရောင်းချသည့် စားသောက်ဆိုင်များအား သတ်မှတ်ချိန်အတွင်း ရောင်းချရန် ထိန်းသိမ်းပေးခြင်း၊
- မူးယစ်ဆေးဝါးရောင်းချသုံးစွဲခြင်းများ ဖော်ထုတ်ဖမ်းဆီးခြင်း၊
- တုတ်၊ ဓားလက်နက် ရှာဖွေသိမ်းဆည်းခြင်းများနှင့် ယူဆောင်လာခြင်းမရှိစေရန် ပြည်သူလူထုအား အသိပညာပေးဟောပြောခြင်း၊
- မုဒိမ်းမှုများမဖြစ်ပွားရအောင် ညစ်ညမ်းဗွီဒီယိုခွေများ ဖမ်းဆီးခြင်း၊
- စိတ်ကြွဆေးဝါးများ၊ ကာမလှုံ့ဆော်ဆေးများ ဖမ်းဆီးခြင်းနှင့် ပြည်သူများအား ပညာပေးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်၊
- သင်္ကြန်ကာလအတွင်း မြန့်မာ့ရိုးရာယဉ်ကျေးမှုနှင့် မလျော်ညီသော ဝတ်စား ဆင်ယင်မှုများမပြုလုပ်စေရေးပညာပေးဟောပြောမှုများဆောင်ရွက်လျက်ရှိပါတယ်။
- သေမှုသေခင်းများ လျော့နည်းစေရန် အရက်သောက်စားပြီး ရေကူးခြင်းများ မပြုလုပ်ရန်ပညာပေးဟောပြောခြင်းနှင့် မြစ်ချောင်း၊ အင်းအိုင်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ချထားရန် ဆောင်ရွက်လျက်ရှိပါတယ်၊
- ၂၀၁၇ ခုနှစ်တွင် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် သင်္ကြန်ကာလမှုခင်းများလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်မှုများ ဖမ်းဆီးလျက်ရှိရာ ၁၂-၃-၂၀၁၇ ရက်နေ့မှ ၂၈-၃-၂၀၁၇ ရက်နေ့ထိ
- ကာမစိတ်ကြွဆေးများ အရေးယူမှု ၁ မှု၊
- မူးယစ်ဆေးဝါးမှု ၃၄၅ မှု၊
- ယစ်မျိုးမှု ၃၆၆ မှု၊
- လက်နက်မှု ၁၇၀ မှု၊
- ဆင်ဆာမဲ့ဗွီဒီယိုဖမ်းဆီးအရေးယူမှု ၂၀ မှု၊
- စုစုပေါင်း ၉၀၂ မှုအရေးယူထားပြီးဖြစ်ပါတယ်။ ဆက်လက်၍လည်း အရေးယူဆောင်ရွက်လျက်ရှိပါတယ်။
မေး။ လူကြီးမင်းအနေဖြင့် ၂၀၁၇ ခုနှစ်၊ သင်္ကြန်ကာအတွင်း မှုခင်းများ မဖြစ်ပွားစေရန် ပြည်သူလူထုအား ဘယ်လိုများ ပြောကြားလိုပါသလဲ။
ဖြေ။ - ယခင်နှစ်များက သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားခဲ့တဲ့အဓိက အကြောင်းအချက် များကတော့-
- အရက်သေစာ သောက်စားမူးယစ်ရာက လူမှုရေးဆိုင်ရာမှုခင်းများ ဆက်လက် ဖြစ်ပွားခြင်း၊
- အမျိုးသမီးငယ်များကိုလည်း မူးယစ်ဆေးဝါးများ မြှူဆွယ် တိုက်ကျွေး၍ အန္တရာယ်ပေးခြင်း၊
- တုတ်/ ဓား လက်နက်များ ဝှက်သိမ်းကိုင်ဆောင်ခြင်း၊
- ကာမရာဂကို နိုးထစေသော ဆေးများရောင်းချခြင်းနှင့် ဝယ်ယူ သောက်သုံးခြင်း၊ ဖျော်ရည်များအတွင်း ထည့်သွင်း ရောနှော တိုက်ကျွေးခြင်း၊
- မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသောဝတ်စားဆင်ယင်ခြင်း၊
- မိန်းကလေးများ ဆွေမျိုးသားချင်းမဟုတ်သူများနှင့်အတူ လည်ပတ်ခြင်း၊ ၎င်းတို့မှကျွေးသော အစားအသောက်များ မဆင်မခြင် စားသောက်ခြင်း၊
- အချိန်လွန်ရေပက်ကစားခြင်းနှင့် လည်ပတ်ခြင်း၊
- ရေပက်ကစားပြီး နားသည့်အချိန်၌ ဆိတ်ကွယ်ရာ၌ အနားယူခြင်း၊
- အရက်သေစာ/မူးယစ်ဆေးဝါးသောက်စားပြီး မော်တော်ယာဉ်များ မောင်းနှင်ခြင်း၊
- ရေပက်ကစားသူအချင်းချင်း နောက်ပြောင်ကျီစယ်လွန်ခြင်း၊
- အရက်မူးပြီး အပန်းဖြေသည့် ရေကန်၊ ချောင်းများ၌ ရေကူးခြင်းနှင့် ရေချိုးခြင်း များကြောင့် ဖြစ်ပွားကြောင်း တွေ့ရှိရပါတယ်။
- အုပ်ထိန်းသူမိဘဆွေမျိုးသားချင်းများကလည်း-
- မိမိ၏သားသမီးများ အများအမြင် မသင့်မလျော်သော ယဉ်ကျေးမှုနှင့် မလျော် ညီသည့် ဝတ်စားဆင်ယင်မှုများကို ဝတ်ဆင်ခြင်း၊ အချိန်လွန်ပျော်ပါးခြင်း တို့မပြုစေရေး ဝိုင်းဝန်းထိန်းသိမ်းဆုံးမပေးရန်၊
- မိန်းကလေးများအနေဖြင့်ဆွေမျိုးသားချင်း မဟုတ်သူများက ကျွေးမွေးသည့် အစားအသောက်များတွင် မူးယစ်ဆေးဝါး/ ကာမရာဂကို နိုးထစေသော ဆေးများ ထည့်သွင်း မြှူဆွယ်တိုက်ကျွေး၍ အန္တရာယ်ပေးနိုင်သည်ကို သတိပြုဆင်ခြင်ရန် နှင့် မဆင်မခြင်စားသုံးမှုမရှိစေရေး ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ရန်၊
- သင်္ကြန်လည်ပတ်ရာတွင်လည်း အုပ်ထိန်းသူ ညီအစ်ကိုမောင်နှမများဖြင့်သာ သွားလာလည်ပတ်ရန်၊
- သက်ဆိုင်ရာမဏ္ဍပ်များရှိ စည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူများကလည်း-
- ရေကစားမဏ္ဍပ်များတွင် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းသည့်အနေဖြင့် အရက် သေစာဖြင့် တည်ခင်းပြီး သောက်စားပျော်ပါးမှုကို ကန့်သတ်ထိန်းသိမ်းခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေး၊ စည်းကမ်းတကျပျော်ရွှင်ရေး ဝိုင်း၀န်း ထိန်း သိမ်းခြင်း၊
- မော်တော်ကား/ဆိုင်ကယ် မောင်းနှင်သူများအနေဖြင့်
- မော်တော်ကား/ဆိုင်ကယ်များကို အိတ်ဇောဖြုတ်၍ မောင်းနှင်ခြင်း၊ လူပိုများ တင်ဆောင်ခြင်း၊ အရှိန်ပြင်းမောင်းနှင်ခြင်းမပြုရန်နှင့် ယာဉ်စည်းကမ်းဥပဒေနှင့် အညီ မောင်းနှင်ရန်အကြံပြုလိုပါတယ်။
- မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သင်္ကြန်ကာလအပြင် ပုံမှန်ကာလများတွင် တစ်နိုင်ငံလုံး အနေဖြင့်မှုခင်းကျဆင်းရေးလုပ်ငန်းစဉ်(၆)ရပ်ဖြစ်သော
- အသိပညာပေးခြင်း၊
- ကြိုတင်ကာကွယ်မှုများဆောင်ရွက်ခြင်း၊
- အရေးယူဆောင်ရွက်ခြင်း၊
- စဉ်ဆက်မပြတ်အကဲဖြတ်ခြင်း၊
- စွမ်းရည်မြှင့်တင်ခြင်း၊
- ကြီးကြပ်ကွပ်ကဲခြင်းတို့ဖြင့်ဆောင်ရွက်လျက်ရှိပါတယ်၊
- လုပ်သားပြည်သူများ အနေဖြင့်လည်းကောင်း၊ ရေကစားသူ လူငယ်များ အနေဖြင့် လည်းကောင်း၊ သက်ဆိုင်ရာမဏ္ဍပ်များရှိ တာဝန်ရှိသူများမှလည်းကောင်း ထူးခြားချက်သတင်းတစ်စုံတစ်ရာရရှိပါက တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များထံနှင့်အနီးစပ်ဆုံးသက်ဆိုင်ရာရဲစခန်းများထံသို့ သတင်းပေးပူးပေါင်းပါဝင်ကြပါရန် ဖိတ်ခေါ်အပ် ပါတယ်။