Language: Myanmar English

အကျဉ်းဦးစီးဌာန

အကျဉ်းဦးစီးဌာနသမိုင်း

  • အကျဉ်းဦးစီးဌာနသည် ဗြိတိသျှကိုလိုနီနယ်ချဲ့တို့၏ ကိုလိုနီအုပ်ချုပ်ရေးစနစ်နှင့်အတူ စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ၁၈၂၇ ခုနှစ်တွင် အင်္ဂလိပ်တို့သည် စစ်တွေမြို့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသောအကျဉ်းထောင်ကို စတင်ဆောက်လုပ်ဖွင့်လှစ်ခဲ့ပြီး ၁၈၉၄ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့ တွင် မြန်မာနိုင်ငံအကျဉ်းထောင်အက်ဥပဒေနှင့် အကျဉ်းထောင်လက်စွဲဥပဒေ၊ ၁၉၀၀ ပြည့်နှစ် အကျဉ်းသားများအက်ဥပဒေ စသော ဥပဒေများအား ပြဌာန်းခဲ့ပြီး အကျဉ်းထောင်များအား အုပ်ချုပ် ခဲ့ပါသည်။ အကျဉ်းဦးစီးဌာနအား ၁၈၉၄ ခုနှစ်တွင်အကျဉ်းဌာနအဖြစ် လည်းကောင်း၊ ၁၉၃၇ ခုနှစ် တွင် အကျဉ်းဌာနခွဲအဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် အကျဉ်းဦးစီးဌာနအဖြစ် လည်းကောင်း ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

အကျဉ်းဦးစီးဌာန ရည်မှန်းချက်တာဝန်နှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်(၈)ရပ်

  • အကျဉ်းဦးစီးဌာန ရည်မှန်းချက်တာဝန်   
    • လုံခြုံစွာထိန်းသိမ်းရေး၊
    • အကျင့် စာရိတ္တပြုပြင်ပြောင်းလဲရေး၊
    • ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လေ့ကျင့်သင်ကြားပေးရေး၊
    • ပြည်သူ့အပြုဆောင်ရွက်ရေး။
  • ဆောင်ရွက်မည့် လုပ်ငန်းစဉ်(၈)ရပ်    
    • လုံခြုံရေး၊
    • စည်းကမ်းစနစ်တကျရှိရေး၊
    • အကျဉ်းသားများ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေး၊
    • ကျန်းမာရေးစောင့်ရှောက်မှု၊
    • အကျင့်စာရိတ္တပြုပြင်ပြောင်းလဲရေး၊
    • အသက်မွေးဝမ်းကျောင်းပညာနှင့် စာပေပညာများသင်ကြားပေးရေး၊
    • ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရေး၊
    • ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး။

အကျဉ်းဦးစီးဌာန၏ ဖွဲ့စည်းပုံ

  • အကျဉ်းဦးစီးဌာန ရုံးချုပ်တွင် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးအဆင့်များက ကြီးကြပ်ကွပ်ကဲကာ အကျဉ်းဦးစီးဌာနတစ်ခုလုံးအား တာဝန်ခံ ဆောင်ရွက်ပြီး အောက်ပါဌာနများဖြင့် ဖွဲ့စည်းဆောင်ရွက်ပါသည်- 
    • အုပ်ချုပ်မှုဌာန။ ညွှန်ကြားရေးမှူးတစ်ဦးမှ ဦးစီး၍ ရုံးချုပ်နှင့်အကျဉ်း ထောင်/စခန်းများ၏ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးများ၊ အရာထမ်း/အမှုထမ်များ၏ရာထူးခန့်ထားရေး၊ ပြောင်းရွှေ့နေရာချထားရေး၊ စည်းကမ်း၊ လစာစရိတ်၊ သက်သာချောင်ချိမှုနှင့် အငြိမ်းစားခံစားခွင့်များ၊ အကျဉ်းထောင်အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ရေး၊ ဝယ်ယူဖြည့် တင်းရေး၊ အကျဉ်းထောင်များအား ထောက်ပံ့ရေးနှင့် အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပါသည်။ 
    • လေ့ကျင့်ရေးဌာန။ ဝန်ထမ်းများ အရည်အသွေးမြင့်မားစေရန်နှင့် စွမ်းရည် တိုးတက်စေရန်အတွက် ဌာနတွင်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်းများ၊ ဌာနပြင်ပသင်တန်းများနှင့် အခါအားလျော်စွာ ပြည်ထဲရေးဝန်ကြီးဌာနမှ တစ်ဆင့်ခေါ်ယူသည့် သင်တန်းများသို့ စိစစ်ရွေးချယ်စေလွှတ်ဆောင်ရွက် ပါသည်။
    • စီမံကိန်းလုပ်ငန်းဌာန။ အကျဉ်းသားများ၏ လုပ်အားကိုအခြေခံပြီး စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများ ဖွင့်လှစ်၍ စပါး စိုက်ပျိုးခြင်းနှင့် ဒေသအလိုက်သီးနှံပင်များ စိုက်ပျိုး ဆောင်ရွက်ပြီး အကျဉ်းသားများအနေဖြင့် ပြစ်ဒဏ်ကာလကုန်ဆုံး၍ လွတ်မြောက်သောအခါ တွင် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခု တတ်မြောက်သွားစေရန် ရည် ရွယ်၍ လေ့ကျင့်သင်ကြားပေး ပြီးအကျဉ်းသားလုပ်အားရှင်များအနေဖြင့် ထိုက်သင့်သည့် လုပ်အားခများရရှိရေးပါ ဆောင်ရွက်ပေးပါသည်။
    • ကုန်ထုတ်လုပ်ငန်းဌာန။ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သော အမျိုးအစားကောင်းကျောက်များထုတ်လုပ်ပေးပြီး နိုင်ငံတော်မှ အခမဲ့ ကျွေးမွေးပြုစုထားရသည့် ပြစ်ဒဏ်အကျဉ်းသားများ၏ လုပ်အားကို နိုင်ငံတော်စီမံကိန်းဝင်လုပ်ငန်းများ၌ အကျိုးရှိစွာအသုံးချပြီး အကျဉ်းသား လုပ်အားရှင်များအတွက် ထိုက်သင့်သည့် လုပ်အားခများရရှိရေးပါ ဆောင်ရွက်ပေးပါသည်။
    • တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ။ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီး မှူးရုံးများအနေဖြင့် ၁၄ ရုံးရှိသည်။ နယ်မြေဒေသ၊ လူဦးရေနှင့်ဖွံ့ဖြိုးမှုတို့ အပေါ်မူတည်၍ ဦးစီးမှူးရုံးများကို 'က' အဆင့်နှင့် 'ခ' အဆင့် ဦးစီးမှူးရုံးများ ဟု နှစ်ပိုင်းခွဲခြားထားရှိပါသည်။ 'က'အဆင့် ဦးစီးမှူးရုံးများအား ညွှန်ကြားရေးမှူးအဆင့်ရှိ အရာရှိများမှလည်းကောင်း၊ 'ခ'အဆင့် ဦးစီးမှူးရုံးများအား ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိ အရာရှိများမှလည်းကောင်း ကြီးကြပ်ကွပ်ကဲပြီး ဦးစီးမှူးရုံးများအောက်တွင် အောက်ပါအတိုင်းပါဝင် ပါသည်-
      • တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံး
      • အကျဉ်းထောင်များ
      • အချုပ်ထောင်များ

အကျဉ်းဦးစီးဌာနဆိုင်ရာသိကောင်းစရာများ

  • အကျဉ်းဦးစီးဌာန၏ဆောင်ပုဒ်များ    
    • လူ့အဖွဲ့အစည်းတစ်ခုအား ရာဇဝတ်မှုများမှ ကာကွယ်ရန်ဖြစ်သည်။ (To protect of society against crimes.)
    • ကြင်နာမှုရှိပါ၊ သို့သော်ရပ်တည်ချက်ခိုင်မြဲပါစေ။ (Kind But Firm.)
  • စွမ်းရည်(၄)ရပ်    
    • လုပ်ငန်းစွမ်းရည်၊
    • စစ်ရေးစွမ်းရည်။
    • စည်းရုံးရေးစွမ်းရည်၊
    • အုပ်ချုပ်ရေးစွမ်းရည်။
  • စံ(၅)ရပ်    
    • စိတ်ဓာတ်၊
    • စည်းကမ်း၊
    • သစ္စာ၊
    • စည်းလုံး၊
    • စွမ်းရည်(၄)ရပ်ပြည့်စုံမှု။
  • တည်ဆောက်ရေးတာဝန်ကြီး(၄)ရပ်    
    • စိတ်ဓာတ်နှင့်တည်ဆောက်၊
    • လေ့ကျင့်ရေးနှင့်တည်ဆောက်၊
    • အုပ်ချုပ်ရေးနှင့်တည်ဆောက်၊
    • သက်သာချောင်ချိရေးနှင့်တည်ဆောက်။

အကျဉ်းဦးစီးဌာနသို့ ဝင်ရောက်အမှုထမ်းရန် လိုအပ်ချက်များ

  • တပ်သားသစ်အဖြစ်ဝင်ရောက်ရန် လိုအပ်သောအချက်အလက်များမှာ-    
    • ဒုကြီးကြပ်ရေးမှူး(သို့မဟုတ်) လက်ထောက်ကြီးကြပ်ရေးမှူး(၁) ပါဝင်သော အဖွဲ့ဝင် (၃)ဦး၏ စစ်ဆေးထောက်ခံချက်။
    • ထောက်လှမ်းရေးပုံစံ (၇)အစား (ကိုယ်ရေးရာဇဝင်)
    • ဝန်ခံချက် (၅)နှစ်တိတိ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံချက်ဖောင် တွင် ပြန်တမ်းဝင်အရာရှိလက်မှတ်ရေးထိုးရန်။
    • ကိုယ်တိုင်ရေးလျှောက်လွှာတွင် (မည့်သည့်နေရာဒေသမဆို သွားရောက် တာဝန်ထမ်းဆောင်မည်ဟု လျှောက်လွှာတွင် ထည့်သွင်းဖော်ပြပြီး ၎င်းဝန်ခံ ချက်ပေါ်တွင် တာဝန်ခံအရာရှိမှထပ်ဆင့် လက်မှတ်ရေးထိုးရန်။
    • အာမခံ(၂)ဦး၏ ထောက်ခံချက် (၅)နှစ်မပြည့်မီ ထွက်ပြေးနှုတ်ထွက်ပါက ကျပ် (၁၀၀၀၀ဝိ/-) တိတိကို အာမခံသူနှစ်ဦးပေးလျှော်မည်ဖြစ်ကြောင်းနှင့် အမျိုးသားတပ်သားသစ်(၂)ဦး စုဆောင်းပေးမည် ဖြစ်ကြောင်း ထောက်ခံချက်။
    • ရဲစခန်းထောက်ခံချက်(မူရင်း)။
    • ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်(မူရင်း)။
    • အလုပ်သမားမှတ်ပုံတင် (မိတ္တူ)။
    • ဓာတ်ပုံ(၄)ပုံ( ပတ်စပို့အရွယ်)။
    • မှတ်ပုံတင်မိတ္တူ (မိတ္တူကိုထင်ရှားစွာကူးရန်) မှတ်ပုံတင်ထားဆဲကို တင်ပြ ခြင်း မပြုရန်။
    • ကျောင်းထောက်ခံစာ(အနည်းဆုံး ၈တန်းအောင်ဖြစ်ရမည်)။(ပညာအရည်အချင်း ထောက်ခံစာပေါ်တွင် တာဝန်ခံအရာရှိမှ ထပ်ဆင့် ထောက်ခံပေးရန်)
    • ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံချက်(မူရင်း)။
    • ဖိုင်ကာဗာ(၁)ချပ် (ကာကီရောင်)။
    • ကိုယ်လုံးပေါ်ဓာတ်ပုံ(၄)ပုံ အမျိုးသား(ဖိနပ်မစီးရ၊ အင်္ကျီမဝတ်ရ၊ ဘောင်းဘီတိုဖြင့် ရှေ့၊ နောက်၊ ဘေးဘယ်၊ ညာ)။
    • အသက်(၁၈)နှစ်မှ (၃၀)နှစ်အတွင်းဖြစ်ရမည်။
    • အမျိုးသားအရပ် (၅)ပေ (၄)လက်မ၊ အမျိုးသမီး (၅)ပေ (၂)လက်မ။
    • စာတတ်မြောက်မှု ရှိ/မရှိ တာဝန်ခံကိုယ်တိုင် စာရေး/စာဖတ်ခြင်းအား စစ်ဆေးကြီးကြပ်၍ မှန်ကန်ကြောင်း တာဝန်ခံအရာရှိမှ လက်မှတ်ရေးထိုးရန်။
    • ကျန်းမာရေးကောင်းမွန်ခြင်း ရှိ/မရှိ (၅)မိုင် လမ်းလျှောက်နိုင်ရမည်။ (၃)မိုင် အပြေးတက်နိုင်ရန် တာဝန်ခံအရာရှိကိုယ်တိုင် လက်တွေ့ဆန်းစစ်၍ စစ်ဆေး ပြီးကြောင်း လက်မှတ်ရေးထိုးရန်။
    • သွေးထဲတွင်ပါဝင်သည့် ရောဂါ ရှိ/မရှိ သွေးစစ်ဆေးချက်။ (ခရိုင်ပြည်သူ့ ဆေးရုံကြီးမှ)

သင်တန်းကျောင်းများ

  • ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်း(အင်းစိန်)
  • ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)

ဖွင့်လှစ်လျက်ရှိသောသင်တန်းများ

  • တပ်သားအဆင့်အခြေခံသင်တန်း(အမျိုးသား/အမျိုးသမီး)
  • ကွန်ပျူတာနှင့် PMIS အခြေခံသင်တန်း
  • စာရေးဝန်ထမ်း အခြေခံသင်တန်း
  • အခြေခံယန္တရား စက်ပြင်/စက်မောင်းသင်တန်း(မြင်သာ၊ တောင်ဥက္ကလာပ)
  • လွန်ကိုင်၊ ယမ်းကိုင် သင်တန်း (ထုံးဘို/မုပ္ပလင်)
  • အကြပ်ငယ်သင်တန်း
  • အကြပ်ကြီးသင်တန်း
  • လက်ထောက်ကြီးကြပ်ရေးမှူး(၁) သင်တန်း
  • ဒုတိယကြီးကြပ်ရေးမှူး သင်တန်း
  • ထောင်တာဝန်ခံအရာရှိသင်တန်း

ထောင်ဝင်စာတွေ့ဆုံခွင့်

  • အကျဉ်းထောင်/စခန်း အသီးသီးရှိ အကျဉ်းသား၊ အချုပ်သားများ၏ အိမ်ထောင်စုဝင် ဇယားတွင်ပါရှိသည့် မိသားစုဝင်များအား အကျဉ်းထောင်အတွင်းသို့ ဝင်ရောက်၍ ထောင်ဝင်စာ တွေ့ဆုံခွင့်ပြုပေးလျက်ရှိပါသည်။ အကျဉ်းဦးစီးဌာနအနေဖြင့် အကျဉ်းသားများ၏ ထောင်ဝင်စာ တွေ့ဆုံချိန်ကို တစ်ပတ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ၂၅ မိနစ် တွေ့ဆုံခွင့်ပြုထားသော်လည်း ဝေးလံသောဒေသမှ လာရောက်တွေ့ဆုံရခြင်းဖြစ်ပါက အကျဉ်းထောင်ရှိလူဦးရေ၊ ဧည့်တွေ့သူ လူဦးရေ အနည်း/အများပေါ်မူတည်၍ ဧည့်တွေ့ခြင်းအတွက်ခွင့်ပြုချိန်ကို အကျဉ်းထောင်တာဝန်ခံ အရာရှိမှ လိုအပ်သလို တိုးမြှင့်ခွင့်ပြုပေးလျက်ရှိပါသည်။ အကျဉ်းသား၊ အချုပ်သားများအား ၎င်းတို့၏ ဥပဒေအကြံပေး (ရှေ့နေများ)နှင့် သီးခြားတွေ့ဆုံခြင်းအား ခွင့်ပြုပေးလျက်ရှိပါသည်။ ထောင်ဝင်စာတွေ့ဆုံရာတွင် အောက်ပါတို့ကို ယူဆောင်လာရပါမည်- 
    • လာရောက်တွေ့ဆုံသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် ရပ်ကွက် အတွင်းနေထိုင်ကြောင်းထောက်ခံစာ
    • အိမ်ထောင်စုဝင်ဇယား(ပုံစံ-၁၀) သို့မဟုတ် မိသားစုဝင်ဖြစ်ကြောင်း ရပ်ကွက် ထောက်ခံစာ

ထောင်ဝင်စာတွေ့ဆုံရာတွင် ပစ္စည်းပေးသွင်းခွင့်

  • အကျဉ်းထောင်၊စခန်းအသီသီးရှိ အကျဉ်းသားများ၊ အချုပ်သားများအား ထောင်ဝင်စာတွေ့ဆုံစဉ် ပစ္စည်းပေးသွင်းခွင့်အား အောက်ဖော်ပြပါသတ်မှတ်ချက်နှင့်အညီ စိစစ်ပေးသွင်းခွင့်ပြုထားပြီး ထောင်တာဝန်ခံအရာရှိများမှ လိုအပ်သလို အတိုး/အလျော့ပြုလုပ်လျက် ခွင့်ပြုပေးလျက်ရှိပါသည်။ 
    • သစ်သီးတစ်မျိုး (သင်္ဘောသီးတစ်လုံး (သို့) ငှက်ပျောသီးတစ်ဖီး (သို့) လိမ္မော်သီးဆယ်လုံး
    • မုန့်တစ်မျိုး (ကိတ်ခြောက် (သို့) မုန့်ကြွပ် (သို့) ဘီစကွတ်တစ်ထုပ်၊ ၂၅ကျပ်သားခန့်)
    • အသားကြော်တစ်မျိုး (ငါး၊ ဝက်သား၊ ကြက်သား၊ ဆိတ်သားအကြော် တစ်မျိုး၊ ၅၀ကျပ်သားခန့်)
    • ဘာလချောင်ကြော် (သို့) ငါးပိကြော် (သို့) သရက်သီးသနပ်တစ်မျိုးမျိုး၊ ၂၀ကျပ်သားခန့်
    • အသင့်တစ်ခါစား၊ ခေါက်ဆွဲ (သို့) ကြာဇံ (သို့) မုန့်ဟင်းခါးထုပ်၊ ၅ထုပ်
    • အသင့်ဖျော်တစ်ခါသောက်၊ ကော်ဖီမစ်(သို့) တီးမစ် (သို့) ကွေကာအုပ်၊ ၇ထုပ်
    • သွားတိုက်ဆေး ၁ ဘူး
    • သွားတိုက်တံ ၁ ချောင်း
    • ကိုယ်တိုက်ဆပ်ပြာ ၁ တုံး
    • ဆေးဝါးများကို ဆေးလက်မှတ်ထောက်ခံချက်ပါပါက အကျဉ်းထောင် ဆရာဝန်ထံသို့ အပ်နှံထားရှိကာ ဆရာဝန်၏ခွင့်ပြုချက်ဖြင့် စားသုံးခွင့်ပြုပါ သည်။

အကျဉ်းထောင်အတွင်း အကျဉ်းသားများထံသို့ ပေးသွင်းခွင့်မရှိ(သို့) တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများ

  • အရက်(သို့) အရက်ပြန်ပါသော မည်သည့်အရက်အမျိုးအစားမဆို
  • ဆေးပေါ့လိပ်(သို့) စီးကရက်၊ ကွမ်းယာ
  • ဆေးလိပ်သောက်ရန်၊ ဆေးဝါးရန် (သို့) ရှူရှိုက်ရန် ပစ္စည်းများဖြစ်သော ဆေးရွက်၊ ဆေးတံများ
  • မူးယစ်ဆေးဝါးများ(စိတ်ကြွရူးသွပ်ဆေးပြား၊ ဆေးခြောက်၊ ဘိန်းဖြူ၊ အိုက်စ်၊ ဘိန်းဆီခဲ စသည့်)
  • အဆိပ်ရှိသော ပစ္စည်းများ(သို့) ကိုယ်အင်္ဂါချွတ်ယွင်းပျက်စီးစေနိုင်သော ပစ္စည်းများ
  • မီးခြစ်(သို့) မီးမွှေးရန်ပစ္စည်းများ
  • ငွေများ၊ ငွေစက္ကူများ အဖိုးတန်စာရွက်စာတမ်းများ၊ ရွှေငွေလက်ဝတ်တန်ဆာ များ(သို့) အဆင်တန်ဆာ အမျိုးမျိုး
  • အကျဉ်းထောင်တာဝန်ခံအရာရှိမှ အသိအမှတ်မပြုသောစာအုပ်များ၊ ပုံနှိပ် ပစ္စည်းများ၊ စာများ၊ စာရေးကိရိယာအမျိုးမျိုး
  • ဓားများ၊ လက်နက်များနှင့် အခြားလက်နက်ကိရိယာများ

ထောင်ဝင်စာဧည့်တွေ့များအားရှာဖွေခြင်း

  • ထောင်ဝင်စာဧည့်တွေ့များမှ လာရောက်တွေ့ဆုံသည့် ပြစ်ဒဏ်ကျ အကျဉ်းသားများ၊ အချုပ်သားများထံသို့ တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများ မပေးသွင်းနိုင်ရေးအတွက် ထောင်ဝင်စာရှာဖွေရေးအဆောင်တွင် လာရောက်တွေ့ဆုံသူနှင့် ယူဆောင်လာသည့်ပစ္စည်းများအား ရှာဖွေဆောင်ရွက်မှုအား ဆောင်ရွက်လျက်ရှိပါသည်။

ပြစ်ဒဏ်ကျ အကျဉ်းသား၊ အချုပ်သားများထံသို့ စာရေးသားပေးပို့ခြင်း

  • အကျဉ်းထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား၊ အချုပ်သား များထံသို့ အခြေအနေအရပ်ရပ်ကြောင့် ထောင်ဝင်စာလာရောက်တွေ့ဆုံမှု မပြုနိုင်ပါက အကျဉ်းသား၊ အချုပ်သားများအား စာရေးသားခြင်းနှင့် လက်ခံခြင်းအား ခွင့်ပြုထားရှိပြီး အကျဉ်းထောင်တာဝန်ခံအရာရှိမှ စစ်ဆေးဆောင်ရွက်ကာ အကျဉ်းသား၏ စာပေးပို့ခြင်း(သို့) အကျဉ်းသားအား စာပေးအပ်ခြင်းများ ဆောင်ရွက်ပေးပါသည်။ သို့သော် ရေးသား/ ပေးပို့သော စာအတွင်း၌ နိုင်ငံရေး(သို့) ထောင်၏အုပ်ချုပ်ရေး၊ စည်းကမ်းသေဝပ်ရေးနှင့် ဆန့်ကျင်သော ကန့်ကွက်ဖွယ် အချက်အလက်များပါဝင်ပါက စာရေးသားခြင်းနှင့် ပေးပို့ခြင်းအား ပြန်လည် ရုပ်သိမ်းခွင့် ရှိပါသည်။

ပြစ်ဒဏ်ကျ အကျဉ်းသား၊အချုပ်သားများ၏ မိသားစုဝင်များမှ အကျဉ်းသားနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းနိုင်သည့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဦးစီးမှူးရုံး ဖုန်းနံပါတ်များ

  • အောက်ပါအတိုင်းဖြစ်ပါသည်-     
    • ကချင်ပြည်နယ်ဦးစီးမှူးရုံး ၀၇၄-၂၀၆၇၄
    • စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး ၀၇၁-၂၃၂၀၅
    • တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး ၀၅၉-၂၃၅၄၁
    • ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ၀၅၂-၂၂၃၀၉၁၇
    • မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ၀၂-၇၅၁၂၇
    • ရခိုင်ပြည်နယ်ဦးစီးမှူးရုံး ၀၄၃-၂၁၀၄၀
    • ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ၀၁-၆၄၂၄၉၅
    • ရှမ်းပြည်နယ်ဦးစီးမှူးရုံး ၀၈၁-၂၀၈၅၄၉
    • ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး ၀၄၂-၂၄၂၈၅
    • ကယားပြည်နယ်ဦးစီးမှူးရုံး ၀၈၃-၂၃၀၀၇၁
    • ကရင်ပြည်နယ်ဦးစီးမှူးရုံး ၀၅၈-၂၁၈၇၂
    • ချင်းပြည်နယ်ဦးစီးမှူးရုံး
    • မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး ၀၆၃-၂၈၃၈၆
    • မွန်ပြည်နယ်ဦးစီးမှူးရုံး ၀၅၇-၂၄၇၃၈

အကျဉ်းထောင်အတွင်းရှိ ပြစ်ဒဏ်ကျအကျဉ်းသားများအား အစားအသောက်များဖြင့် ကုသိုလ် ဒါနပြု ကျွေးမွေးလိုပါက လိုအပ်သောအချက်အလက်များ

  • လှူဒါန်းမှုသည် အကျဉ်းသား၊ အချုပ်သား တစ်ဦးတစ်ယောက်၏ အခွင့်အရေးများအပေါ် တစ်စုံတစ်ရာအကျိုးသက်ရောက်မှု မရှိစေရ။
  • အကျဉ်းသား၊ အချုပ်သားများအား ကျွေးမွေးလိုသည့်ရက်အား သက်ဆိုင်ရာ ထောင်တာဝန်ခံအရာရှိထံသို့ ရက်သတ္တ(၂)ပတ် ကြိုတင်ပြောကြား ညှိနှိုင်းရမည်။