Language: Myanmar English

သင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်မောင်းသူများ လိုက်နာရန်

၂၀၁၆ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးအနေဖြင့် ယာဉ်မတော် တဆမှု(၃၅၉)မှုဖြစ်ပွားခဲ့ကာ ဒဏ်ရာရ(၈၃၈)ဦး၊ သေဆုံး(၁၃၂)ဦးရှိခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။

သို့ဖြစ်ပါ၍ ၂၀၁၇ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း မိဘပြည်သူများ ယာဉ်မတော် တဆမှုကြောင့် ထိခိုက်နစ်နာမှုမရှိစေရေး၊ ယာဉ်အန္တရာယ်မဖြစ်ပွားစေရေးတို့အတွက် ယာဉ်မောင်းသူများအနေဖြင့် အောက်ပါစည်းကမ်းချက်များအား တိကျစွာလိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

    ၁။    မူးယစ်သောက်စား၍ ယာဉ်မောင်းနှင်ခြင်းမပြုရ။
    ၂။    အပျော်လွန်ကျူး စည်းကမ်းမဲ့ ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်း မောင်းခြင်းမပြုရ။
    ၃။    ယာဉ်နံပါတ်ပြားမပါဘဲ မောင်းနှင်ခြင်းမပြုရ။
    ၄။    ယာဉ်၏ဘေးတံခါးများ၊ နောက်ဖုံးများ ဖြုတ်၍မောင်းနှင်ခြင်းမပြုရ။
    ၅။    ဖျက်သိမ်းထားသော ယာဉ်အိုယာဉ်ဟောင်းများနှင့် ပြုပြင်ဆဲယာဉ်များအား မောင်းနှင်ခြင်းမပြုရ။
    ၆။    ယာဉ်ကြောပြောင်းပြန် စီးနင်းမောင်းနှင်ခြင်းမပြုရ။
    ၇။    ထော်လာဂျီကဲ့သို့ အနှေးယာဉ်များကို အသုံးပြု၍ ရေကစားခြင်းမပြုရ။
    ၈။    မော်တော်ဆိုင်ကယ်များ အိတ်ဇောပိုက်ဖြုတ်၍ စီးခြင်း၊ အသံကျယ်လောင်စွာ စီးခြင်း၊ နံပါတ်မမြင်အောင် တွန့်ခေါက်၍ စီးခြင်း၊ ရှေ့/နောက် နံပါတ်ပြား မပါဘဲစီးခြင်း၊ နှစ်ဦးထက်ပို၍ စီးခြင်း၊ ဆိုင်ကယ်စီးဦးထုပ်မပါဘဲ စီးခြင်းများ မပြုရ။
    ၉။    သံစုံဟွန်းများ တပ်ဆင်ကာအသုံးမပြုရ။
    ၁၀။    မော်တော်ယာဉ်များတွင် ညစ်ညမ်းသောစာသားများ၊ ဆိုင်းဘုတ်၊ ပန်းချီ၊ ရုပ်ပုံ၊ အခြားမသင့်လျော်သောပစ္စည်းများ ရေးသားချိတ်ဆွဲ၍ မောင်းနှင်ခြင်းမပြုရ။

                        
 မြန်မာနိုင်ငံရဲတပ်ဖွဲ့