Language: Myanmar English

နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ဖြင့် ယူနီဖောင်းများဖန်တီးဝတ်စားဆင်ယင်ခြင်း မပြုကြရန်နှင့် ဝတ်ဆင်ကြောင်း တွေ့ရှိပါက တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်

   

နိုင်ငံတော်အတွင်း ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများနှင့် အသင်းအဖွဲ့များသည် နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ဖြင့် ယူနီဖောင်းများဝတ်ဆင် အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။ လက်ရှိကျင့်သုံးလျက်ရှိသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁ အရပြည်သူ့ဝန်ထမ်း မဟုတ်သူ တစ်ဦးဦးသည် ပြည်သူ့ဝန်ထမ်းဖြစ်ကြောင်း သူတစ်ပါးမှယုံကြည်စေရန် ရည်ရွယ်၍ဖြစ်စေ၊ ယုံကြည်စေမည်ကို သိလျှက်နှင့်ဖြစ်စေ ပြည်သူ့ဝန်ထမ်းတို့ ဝတ်ဆင်၊ ကိုင်ဆောင်သည့် အဝတ် တန်ဆာ၊ အမှတ်အသားနှင့်သဏ္ဍာန်တူသော အဝတ်တန်ဆာ၊ အမှတ်အသားတို့ကို ဝတ်ဆင်လျှင် သို့မဟုတ် ကိုင်ဆောင်လျှင် သုံးလထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်နှစ်သောင်းထိငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားပါသည်။ 

ထို့အပြင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (က)အရ မည်သူမဆို ပိတ်ပင်တားမြစ်ထားသည့်နေရာသို့ ဝင်ရောက်ခွင့်ရလိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ ဝင်ရောက်ခွင့်ရအောင်သူတစ်ပါးအားကူညီလိုသောရည်ရွယ်ချက်ဖြင့်လည်းကောင်း၊နိုင်ငံတော်လုံခြုံရေးကိုထိခိုက်လိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ ဥပဒေနှင့်အညီခွင့်ပြုချက်မရှိဘဲ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြားအရာထမ်း၊ အမှုထမ်းများနှင့် သက်ဆိုင်သည့် ဝတ်စုံကိုဖြစ်စေ၊ အဆိုပါ ဝတ်စုံနှင့် ပုံသဏ္ဍာန်တူသော ဝတ်စုံကိုဖြစ်စေ အသုံးပြုလျှင်၊ ဝတ်ဆင်လျှင် သို့မဟုတ် အဆိုပါဝတ်စုံအား အသုံးပြုခွင့်၊ ဝတ်ဆင်ခွင့်ရှိသည်ဟု မမှန်မကန်ပြောဆိုလျှင် ပုဒ်မ ၆၊ ပုဒ်မခွဲ (၃) အရ နှစ် နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ပြဌာန်းထားရှိ ပါသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများနှင့် အသင်းအဖွဲ့များသည် နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများ ဝတ်ဆင်အသုံးပြုသည့်ဝတ်စုံများ၊ အဆိုပါဝတ်စုံများနှင့် သဏ္ဍာန် တူသည့်ဝတ်စုံများကို ဖန်တီးဝတ်စားဆင်ယင်ခြင်း မပြုကြပါရန်နှင့် ထိုသို့ဝတ်ဆင်ကြောင်းတွေ့ရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

(ပြည်ထဲရေးဝန်ကြီးဌာန)