အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၁၇ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာနှင့် အုန်းပေါက်ကျေးရွာကြား၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးမျိုးမင်းထွေး မောင်းနှင်သည့် “ကချင်မင်းသား” ယာဉ်လိုင်းမှ မော်တော်ယာဉ်သည် မန္တလေး-ရွှေဘို-မြစ်ကြီးနား ကားလမ်းအတိုင်း မန္တလေးမှ မြစ်ကြီးနားဘက်သို့ မောင်းနှင်လာစဉ် အဆိုပါနေရာအရောက် လမ်းယာဘက်ဘေးမှ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် အမျိုးသမီးတစ်ဦး(စိစစ်ဆဲ)နှင့် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်နေ မသဲမာမာကျော်(၃၆)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး မြစ်ကြီးနားမြို့နေသူများ ဖြစ်သည့် ကိုသက်ထွန်းလင်း(၄၀)နှစ်နှင့် မအိမ့်မှူးခင်(၁၆)နှစ် တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအား ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။