၂၀၂၄ ခုနှစ်၊ မတ် ၂၇ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများက နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
ဂုဏ်ပြုသွေးလှူဒါန်းခြင်းများအား မတ် ၂၀ ရက် နံနက်ပိုင်းတွင် အဆိုပါဆေးရုံတို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့်စာရေးဝန်ထမ်း စုစုပေါင်း ၁၂၁ ဦးတို့က တစ်ချိန်တည်း ဂုဏ်ပြုသွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါ ဂုဏ်ပြုသွေးလှူဒါန်းခဲ့ကြသည့် သွေးလှူရှင်တပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ်နှင့် ရဲအရာရှိကြီးများ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာ ရဲမြင့်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးစကားပြောကြားကာ သွေးလှူရှင်များအား အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ အောက်စီဂျင် ဆလင်ဒါများနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် အောက်စီဂျင်အိုး ၁၄၈ လုံး၊ Flow Meter ၁၅၅ ခု၊ Nasal Plane ၄၉ ခု၊ Face Mask ၆၅ ခု၊ စုစုပေါင်းတန်ဖိုးငွေ ၅၀,၀၃၈,၅၀၀ ကျပ်အား ပေးအပ်လှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ လှူဒါန်းမှုအပေါ် ကျေးဇူတင်စကားပြောကြားခဲ့သည်။
အဆိုပါ(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်း ၁၂၁ ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး မတ် ၂၁ ရက်တွင်လည်း နေပြည်တော်(ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း ၁၄၅ ဦးတို့က ဆက်လက်ဂုဏ်ပြုသွေးလှူဒါန်းကြမည်ဖြစ်ရာ စုစုပေါင်းသွေးလှူဒါန်းမှု ၂၆၆ ဦး ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။