အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့်တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောက်တံခါးမြို့နယ်၊ ကာလူးကုန်းကျေးရွာနေ ကိုညီညီချစ်(၂၂)နှစ်နှင့် ရွှေဂျို့ပင်ကျေးရွာနေ ဦးစောကြည်ဆေး(၃၈)နှစ် တို့သည် 7N/XXXX Forland ယာဉ်ဖြင့် ရွှေကျင်မြို့မှ ညောင်လေးပင်မြို့သို့သွားရောက်စဉ် ညောင်လေးပင်မြို့နယ်၊ အင်းဝိုင်းကျေးရွာအနီးအရောက် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကိုညီညီချစ်နှင့် ဦးစောကြည်ဆေးတို့တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၈ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နားခါရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှု ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ အရှေ့တံခါးတွင် တစ်ပေပတ်လည်ခန့် ပျက်စီးဆုံးရှုံးခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured