အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသောပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၂၂ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ညောင်လေးပင် မြို့နယ်၊ မြို့မရပ်ကွက်အမှတ်(၃)နေ ဦးကိုကိုအောင်(၃၂)နှစ်သည် ၎င်း၏ နေအိမ်မှ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ပုဇွန်မြောင်းကျေးရွာအဝင်အရောက် လမ်းဘေးမှ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ထောင်ထားသည့် နင်းမိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ဦးကိုကိုအောင်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာနေ ဦးအောင်ကျော်ထွန်း(၄၂)နှစ်သည် ၎င်း၏နေအိမ်မှ မောင်းကုန်းကျေးရွာ၏တောင်ဘက် ၁ မိုင်ခွဲခန့်အကွာရှိ Wilmer သကြားစက်ဘက်သို့ ဆိုင်ကယ် မောင်းနှင်လာစဉ် စက်ရုံအနီးအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ဦးအောင်ကျော်ထွန်းတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured