အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသောပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ် လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၂၅ ရက် နံနက် ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ ဖုန်းအပိုပစ္စည်းအရောင်းဆိုင်ရှေ့တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ဆိုင်၏ဆိုင်းဘုတ် အလှဆင်မီးများနှင့် သံဘာဂျာတံခါးအောက်ခြေ ပြုတ်ထွက်ကာ ဆိုင်ရှေ့တွင်ရပ်ထားသော YGN-20 8H-XXXX ZONE HIACE ယာဉ်၏ ရှေ့လေကာမှန် ကွဲအက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ နတ်ကြီးစင်ကျေးရွာနေ ကိုဝင်းမိုးကျော်(၂၃)နှစ်သည် ကျေးရွာ၏အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ တောင်ယာမှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ကျေးရွာအဝင်အရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ကိုဝင်းမိုးကျော်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ မွန်းတည့် ၁၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိ စက်ရေတွင်းအနီးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် PVC ပိုက် ၂၅ ပေခန့်၊ သံပိုက် ၈ ပေခန့်၊ Main Service ကြိုး ၃၀၀ ပေခန့်၊ လျှပ်စစ်မိန်းခုံ တစ်ခုတို့ မိုင်းစ ထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အလားတူ ည ၁၀ နာရီ ၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ စိန်ပန်းမြိုင်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းကြား ကားရပ်နားရာ နေရာအနီး သစ်ပင်ခြေရင်းမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းနေရာအနီး ရပ်တန့်ထားသော YGN 8K-XXXX FORLAND ယာဉ်၏ ရှေ့ဘန်ပါ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အလားတူ မတ် ၂၆ ရက် နံနက် ၇ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးမှ လျှပ်စစ်ရုံးနေ့စားဝန်ထမ်းဖြစ်သူ ဦးဇော်လင်းအောင်(၂၃)နှစ်သည် မြိုင်မြို့ပေါ်ရှိ လမ်းမီးများပိတ်ခြင်းတာဝန်အား ဆောင်ရွက်နေစဉ် မြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့ပတ်လမ်းအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured