၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက် နံနက် ၆ နာရီ ၅၃ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန်၊ (၁၈/၁၉) ရပ်ကွက်၊ ကနောင် (၁၄) လမ်းနှင့် ကံ့ကော်လမ်းထောင့်တွင် ပိုင်ရှင် ဦးတင်မျိုးလှိုင်၏ ၂၀x၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ် “SHIN SUNG” အထည်ချုပ်စက်ရုံ အဆောက်အအုံရှိ ၁၀x၅ ပေ ဘွိုင်လာထားသည့်နေရာတွင် ဘွိုင်လာအိုးအသုံးပြုနေစဉ် မီးပွားထွက်၍ အနီးရှိ မီးမွှေးရန်အသုံးပြုသည့် လောင်စာအမှိုက်များပေါ်သို့ မီးပွားကျ၍ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၁၄) စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၁၀x၅ ပေ ဘွိုင်လာထားသည့်အဆောက်အအုံ၊ ဘွိုင်လာအသုံးပြုသည့် လောင်စာထင်းနှင့် ပိတ်ဖြတ်စညှပ်စများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးတင်မျိုးလှိုင်အား ရွှေပေါက်ကံနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured