Language: Myanmar English

Featured

အကြမ်းဖက်သမားလူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၂၇ ရက် နံနက် ၉ နာရီ ၅၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ အေးချမ်းမြိုင်ကျေးရွာအနီးရှိ ရော်ဘာခြံ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးထွန်းခိုင်(၃၉)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်သင်းသင်းနွေး(ခ)နွေးငယ်(၃၉)နှစ်တို့သည် ၎င်းရော်ဘာခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးထွန်းခိုင်နှင့် ဒေါ်သင်းသင်းနွေး(ခ)နွေးငယ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဘုတ်ပြင်းမြို့နယ်၊ အမှတ်(၁၈)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)သို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ဒေါ်သင်းသင်းနွေး(ခ)နွေးငယ်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
     အလားတူ ည ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်၊ တော်ဝင်လူကူးခုံးကျော်တံတားအနီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီး ရောက်ရှိနေကြသူများဖြစ်သည့် မောင်ဆံဂျေပါး(၁၁)နှစ်၊ မောင်ဖိုးသောကြာ(၁၆)နှစ်၊ မောင်ဖြိုးထက်ပိုင်(၁၄)နှစ်၊ မောင်ဖိုးလပြည့်(၁၁)နှစ်နှင့် မောင်ကျော်ကျော်(၁၄)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများအသီးသီးရရှိခဲ့၍ ဆေးကုသနိုင်ရေး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ ည ၁၀ နာရီခွဲတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီး မော်လမြိုင်- ရန်ကုန်ကားလမ်းမိုင်တိုင်အမှတ် ၁၃၂ မိုင် ၁ ဖာလုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သထုံမြို့၊ အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ အသင်းဝင်ဖြစ်သူ သထုံမြို့၊ နန်းခဲရပ်ကွက်နေ ကိုစိုင်းမောင်မောင်(၂၉)နှစ်နှင့် လိပ်အင်းရပ်ကွက်နေ ကိုမင်းခန့်(၂၀)နှစ်တို့နှစ်ဦးသည် လူမှုကူညီရေးအသင်းပိုင် MON-24 4J/XXXX ALPHARD ယာဉ်ဖြင့် သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်နေ ကိုအောင်ဆက်ပိုင်(၂၇)နှစ်ပါ လေးဦးတို့အား ရန်ကုန်မြို့သို့ပို့ဆောင်ပေးရန် မော်လမြိုင်- ရန်ကုန် ကားလမ်းအတိုင်း မောင်းနှင်ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါလာသူများအနက် ကိုစိုင်းမောင်မောင်နှင့် ကိုအောင်ဆက်ပိုင်တို့ နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး သထုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။