Language: Myanmar English

Featured

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေ နှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကျင်းပ

     မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၄)ကို ၃၀-၃-၂၀၂၄ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာ ခန်းမ၌ ကျင်းပသည်။
     အစည်းအဝေးသို့ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၂)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တွဲဖက်အတွင်းရေးမှူးများ၊ ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီနှင့် အတွင်းရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဗဟိုကော်မတီဝင် ဝန်ကြီးချုပ်များ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
     အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီစိစစ်နိုင်ရန်၊ အမြန်ဆုံးတရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်နိုင်ရန် ရည်ရွယ်ပြီး “မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီ”ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၂၈/၂၀၂၃ ဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း။
     ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် အထောက် အကူပြုပေးနိုင်ရန် ရည်ရွယ်ပြီး လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီနှင့် ဗဟိုကော်မတီ အတွင်းရေးမှူး ရုံးအဖွဲ့တို့ကိုလည်း ဗဟိုကော်မတီ၏ အမိန့်အမှတ် (၁/၂၀၂၃) ၊ (၂/၂၀၂၃) နှင့် (၃/၂၀၂၃) တို့ဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက်ဆောင်ရွက်လျက်ရှိကြောင်း။
    မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရာတွင် ဗဟိုကော်မတီအနေဖြင့် သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ သက်ဆိုင်ရာနိုင်ငံ သံရုံးများသို့ သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆက်သွယ်အကြောင်းကြားနိုင်ရေး ညှိနှိုင်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
     ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ် ၂၅ ရက်အထိ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း ၅၃၀၈၉ ဦး ကို ပြည်နှင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ပြည်နှင် လွှဲပြောင်းခဲ့သည့် နိုင်ငံခြားသားစာရင်းတွင် တရုတ်နိုင်ငံသား ၅၁၀၁၀ ဦး ပါဝင်ကြောင်း။
    မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကိုရှေ့ရှု၍လည်းကောင်း၊ ယုံကြည်မှုအပေါ် တလွဲအသုံးချခံရသူများဖြစ်ခြင်းကြောင့်လည်းကောင်း၊ သဘောဆန္ဒမပါဘဲ ရာဇဝတ် မကင်းသောလုပ်ငန်းများတွင် အဓမ္မခိုင်းစေခံရသူများဖြစ်ခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း အရေးယူခြင်းမပြုဘဲ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေနှင့်အညီ ပြည်နှင် လွှဲပြောင်းရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အထူးသဖြင့် ကရင်ပြည်နယ်၊ မြဝတီဒေသရှိ နိုင်ငံခြားသားများနှင့်ပတ်သက်၍ မြန်မာ - ထိုင်း နှစ်နိုင်ငံ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်း၍ သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအကြား ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
  ပြည်နှင်မိန့်စောင့်ဆိုင်းနေစဉ်ကာလအတွင်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် အချုပ်ထောင် များတွင် ခေတ္တထိန်းသိမ်းထားသော နိုင်ငံခြားသားများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးပြည်နှင် လွှဲပြောင်းပေးနိုင်ရေးအတွက် ဗဟိုကော်မတီမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၅-၃-၂၀၂၄ ရက် အထိ အကျဉ်းထောင်နှင့် အချုပ်ထောင်များတွင် ထိန်းသိမ်းထားရှိသော နိုင်ငံခြားသား ၈၄ ဦး ကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
    ထို့နောက် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသား များအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၂)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး(၁)၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဦးက မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေ နှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြ ကြပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

mpf 1