အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသောပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၃၆ မိုင် ၆ ဖာလုံအနီး ကြက်ခြံပေါက်ကားမှတ်တိုင်ရှိ အမှိုက်ပုံ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအမှိုက်ပုံ၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် အခင်းဖြစ်နေရာအနီး အမှိုက်ကောက်နေသူများဖြစ်ကြသည့် ကုလားကုန်းကျေးရွာနေ ဒေါ်ကြည်ကြည်မြင့်(၆၀)နှစ်နှင့် ၎င်း၏မြေးများဖြစ်သော မခင်ရတနာသွန်း (၉)နှစ်၊ မသက်မွန်ဦး(၁၂)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ပေါက်ကွဲသည့် နေရာ၏ လမ်းတစ်ဖက်ခြမ်းရှိ “Valentine” စားသောက်ဆိုင်တွင် ထိုင်နေသည့် ဦးမိုးလင်း(၃၅)နှစ်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူများအား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁)တပ်မတော် ဆေးရုံ (ခုတင်-၁၀၀၀)သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured