၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက် ညနေ ၅ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ ၂၂ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ “လင်းလက်ဝါ” ရွှေပန်းတိမ်ဆိုင်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များပုံသဏ္ဌာန် အသွင်ယူဝတ်ဆင်ထားသည့် အမျိုးသား လေးဦးသည် အဖြူရောင်မော်တော်ယာဉ် တစ်စီးနှင့်အတူ ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ဝင်ရောက်ကာ ဧည့်စာရင်းစစ်ရန်နှင့် လူများစစ်ဆေးရန်ရှိကြောင်ပြောဆို၍ အိမ်ရှင်များအား တွန်းထိုးရိုက်နှက်ပြီး နေအိမ်အပေါ်ထပ်ရှိ အခန်းများအား လိုက်လံပြသခိုင်းကာ နေအိမ်တတိယထပ်ရှိ ရွှေထည်ပစ္စည်းများထားသည့် မီးခံသေတ္တာအားဖွင့်ခိုင်း၍ အဆိုပါမီးခံသေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် နှစ်ပိဿာခွဲခန့်၊ ကာလတန်ဖိုး ငွေကျပ် သိန်းတစ်သောင်းကျော်ခန့်အား လုယက်ယူဆောင်သွားခဲ့သဖြင့် တရားခံများဖမ်းဆီးရမိနိုင်ရေး အောင်မြေသာစံမြို့နယ်၊ အမှတ်(၅)မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက နေ့၊ ညမပြတ် သတင်းရယူစုံစမ်းထောက်လှမ်းခြင်း၊ ခေတ်မီနည်းပညာအကူအညီများရယူအသုံးပြုခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်စွာနေထိုင်လိုသော ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကြောင့် ပြစ်မှု ကျူးလွန်သည့်တရားခံ လေးဦးတွင်ပါဝင်သူ ပုသိမ်ကြီးမြို့နယ်၊ အောင်သုခရပ်ကွက်နေ မြတ်သူအောင်(၂၄)နှစ်(ဘ)ဦးအောင်ဌေးအား ဧပြီ ၇ ရက် ည ၁၂ နာရီခွဲတွင် ၎င်း၏နေအိမ်၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ တရားခံ မြတ်သူအောင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ပုသိမ်ကြီးမြို့နယ်၊ နတ်စိမ်းကျေးရွာနေ စိုးမိုးဦး(၂၄)နှစ်(ဘ)ဦးမြင့်လင်း၊ ပန်းတိမ်လုပ်ငန်း လုပ်ကိုင်သူအား ဧပြီ ၈ ရက် နံနက် ၁ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ တစ်ရွာတည်းနေ ညီထူးအောင်(ခ)ညီညီ(၂၃)နှစ်(ဘ)ဦးအောင်ကျော်၊ ကျပန်းလုပ်ကိုင်သူအား နံနက် ၂ နာရီတွင်လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကံကွဲကျေးရွာနေ မျိုးကို(ခ)မျိုးကိုကို(ခ)အားကွေ့(၂၅)နှစ်(ဘ)ဦးအောင်ငွေ၊ ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူအား နံနက် ၂ နာရီ ၁၅ မိနစ်တွင်လည်းကောင်း ၎င်းတို့၏နေအိမ်အသီးသီးတွင် ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ “လင်းလက်ဝါ” ရွှေပန်းတိမ်ဆိုင်အား လုယက်၊ ဓားပြတိုက်ရန် သတင်းပေးခဲ့သူ အောင်မြေသာစံမြို့နယ်၊ ဌာနေအရှေ့ရပ်ကွက်၊ အကွက်(၂၁)၊ ဘုရားငါးဆူဝန်းနေ ကိုကိုနိုင်(ခ)ကိုနိုင်(၄၂)နှစ်(ဘ)ဦးအောင်ခင်၊ ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူအား နံနက် ၉ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ လုယက်၊ ဓားပြတိုက်ရာမှရရှိလာသည့် ရွှေထည်ပစ္စည်းများအား ကော်ခွာခြင်း၊ ရွှေအရည်ကျိုခြင်းများ ကူညီလုပ်ကိုင်ပေးသူ ပုသိမ်ကြီးမြို့နယ်၊ နတ်စိမ်းကျေးရွာနေ မင်းမင်းစိုး(ခ)တုတ်ကြီး(၂၃)နှစ်(ဘ)ဦးကြည်သန်း၊ လက်သမားလုပ်ကိုင်သူအား နံနက် ၉ နာရီ ၄၀ မိနစ်တွင်လည်းကောင်း၊ ရွှေပန်းတိမ်ဆိုင်အား လုယက်၊ ဓားပြတိုက်ရန်အတွက် ကိုကိုနိုင်(ခ)ကိုနိုင်အား မြတ်သူအောင်နှင့် ချိတ်ဆက်တွေ့ဆုံပေးပြီး လုယက်၊ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် သေနတ်ဝယ်ယူပေးသူ၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ ထက်လှိုင်(ခ)ကိုလှိုင်ကြီး၊ ကားအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူအား နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း ၎င်းတို့နေအိမ်အသီးသီး၌ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။
ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကိုလိုလားသည့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ နေ့၊ ညမပြတ် ကြိုးပမ်းဆောင်ရွက်မှုတို့ကြောင့် အမှုမှ တရားခံ မြတ်သူအောင်၊ စိုးမိုးဦး၊ ညီထူးအောင်(ခ)ညီညီ၊ မျိုးကို(ခ)မျိုးကိုကို(ခ)အားကွေ့၊ မင်းမင်းစိုး(ခ)တုတ်ကြီး၊ ကိုကိုနိုင်(ခ)ကိုနိုင်နှင့် ထက်လှိုင်(ခ)ကိုလှိုင်ကြီးတို့ ခုနှစ်ဦးအား ပြစ်မှုဖြစ်ပွားပြီး ၁၂ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ပါဆုံးသက်သေခံရွှေထည်ပစ္စည်းများနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Mark II 99 အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ ပစ္စတိုသေနတ် တစ်လက်တို့အား သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အောင်မြေသာစံမြို့နယ်၊ အမှတ်(၅)မြို့မရဲစခန်း (ပ)၅၁/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ အမှုမှ ပြစ်မှုကျူးလွန်သူတရားခံများနှင့် သိမ်းဆည်းရမိသက်သေခံပစ္စည်းများ၏ မှတ်တမ်းဓာတ်ပုံ။