အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧပြီ ၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ အောက်စီဂျင်စက်ရုံရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရေဦးမြို့နယ်၊ ခြုံကျေးရွာနေ ဒေါ်ဝင်းမြင့်(၅၈)နှစ်နှင့် တစ်ရွာတည်းနေ ဒေါ်ကြည်စိန်(၄၇)နှစ်တို့သည် ခြုံကျေးရွာမှ ရေဦးမြို့သို့ ဈေးဝယ်ရန် ဒီပဲယင်း-ရေဦး ကားလမ်းအတိုင်း ဆိုင်ကယ်တစ်စီးဖြင့်ထွက်ခွာလာစဉ် အောင်ချမ်းသာရပ်ကွက်ရှိ အောက်ဆီဂျင် စက်ရုံရှေ့အရောက် ကားလမ်းဝဲဘက်မှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲမှုကြောင့် ဒေါ်ကြည်စိန်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရေဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ အောင်သိဒ္ဓိကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ သံမဏိရပ်ကွက်နေ ဦးကျော်မိုးနိုင်(၅၆)နှစ်သည် ၎င်းပိုင်ယာခင်းသို့ လှည်းလမ်းအတိုင်း ဆိုင်ကယ်ဖြင့်ထွက်ခွာလာစဉ် အောင်သိဒ္ဓိကျေးရွာ၏ အနောက်ဘက် ၁ ဖာလုံခန့်အကွာ လယ်ကွင်းအတွင်းအရောက် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ဦးကျော်မိုးနိုင်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တောကျွဲအင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ည ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၇)၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်မောင်ဆွေ၏ နေအိမ်ခြံစည်းရိုးအနီးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် နေအိမ်ခြံစည်းရိုး အုတ်တံတိုင်း ၄ ပေခန့်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၊ ဇောတိကျေးရွာနေ ဦးဝင်းနိုင်(၅၃)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာ၏အနောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ ဒေသအခေါ် ငသိုင်းချောင်းသို့ ငါးရှာရန်သွားရောက်စဉ် အဆိုပါချောင်းအနီးအရောက် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် ဦးဝင်းနိုင်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး အမှတ်(၆၀)ခြေလျင်တပ်ရင်းဆေးခန်းသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ဧပြီ ၉ ရက် နံနက် ၉ နာရီခွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာနေ ဦးသန်းစိုးဝင်းနိုင်(၅၄)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအနီးရှိ သဇင်တန်းတောသို့ ထင်းခုတ်ရန် ဆိုင်ကယ်ဖြင့်သွားရောက်စဉ် လမ်းဘေး၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပြင်ဦးလွင်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured