Language: Myanmar English

Featured

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်း ယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

    အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧပြီ ၉ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ်(၁)ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ Mingalar Mandalay ဝင်းအရှေ့ ၇၃ လမ်း ဘေးတွင် ဆောက်လုပ်ထားသည့် “မင်္ဂလာမန္တလေး” မဏ္ဍပ်သို့ ၇၃ လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင် လာသည့် PDF အမည်ခံ အကြမ်းဖက်သမားနှစ်ဦး(စိစစ်ဆဲ)က လက်လုပ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့သဖြင့် မဏ္ဍပ်၏ အရှေ့တောင်ဘက်ထောင့်စွန်းကြမ်းခင်း အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကြမ်းခင်းအထပ်သားပြားနှင့် ကော်ဇော ၄ လက်မပတ်လည်ခန့်ပေါက်ပြဲပျက်စီးကာ Mingalar Mandalay ဝင်းတွင်းရှိ ကမ္ဘောဇဘဏ်ခွဲ(၂၂)၊ အာမခံဌာန၏အရှေ့မျက်နှာစာတွင် ကာရံ ထားသောမှန် ၄ ချပ်ကွဲအက်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
      အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။