အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့်အကြမ်း ဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀ ရက် နံနက် ၁၁ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာ(အရှေ့)ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သီရိမာလာ(အရှေ့)ရပ်ကွက်၊ ၈၇ လမ်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြားရှိ သီရိမာလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ ၈၇ လမ်းအတိုင်း ဆိုင်ကယ် မောင်းနှင်လာသည့် အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့သဖြင့် ရုံးဘေးတွင်ရပ်ထားသည့် 3B/XXXX Mitsubishi Pajero ယာဉ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်၏ ဆီတိုင်ကီနှင့် ဝဲဘက်နောက်ဘီးတို့ ပျက်စီးသွားခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်(တောင်) ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ချမ်းမြသာစည်(တောင်)ရပ်ကွက်၊ စစ်ကိုင်းလမ်းခွဲနှင့် ချမ်းမြသီတာလမ်းဘေးရှိ ချမ်းမြသာစည်(တောင်) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ စစ်ကိုင်းလမ်းခွဲအတိုင်း ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမား လေးဦး (စိစစ်ဆဲ)က လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ရုံးရှေ့ရှိ ဘယ်ရီဂိတ် အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရုံးရှေ့တွင်ရပ်ထားသည့် 4G/XXXX Nissan Serena ယာဉ်၏ လေကာမှန် သုံးချပ်၊ ကားကိုယ်ထည်၊ Honda Click ဆိုင်ကယ်၏ နောက်ဘီးနှင့် ဆိုက်ကယ်အိတ်ဇောတို့ ပျက်စီးသွားခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured