Language: Myanmar English

Featured

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလုပ်သဘောခရီးစဉ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန် (H.E. Mr. Wang Xiao Hong) ၏ ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက်မှ ၂၉ ရက်အထိ မြန်မာ-တရုတ် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်နိုင် ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ရာ ဧပြီ ၂၉ ရက်တွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် Beijing Capital အပြည်ပြည်ဆိုင်ရာ‌လေဆိပ်မှ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လာဆာ (Lhasa) မြို့သို့ ထွက်ခွာခဲ့ပြီး Lhasa Gongga လေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၀ မိနစ်တွင် ရောက်ရှိခဲ့ရာ တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယရဲတပ်ဖွဲ့မှူး မစ္စတာ ကျူးရှိုခဲ (Mr. Zhu Shouke) ဦးဆောင်သောအဖွဲ့မှ ကြိုဆိုခဲ့ကြသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့မှူး မစ္စတာ ကျန်းဟုန်ပေါ (Mr. Zhang Hongbo) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား ဝန်ကြီးအဆင့် သဘောတူညီချက်များအပေါ် ဆက်လက်အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီးနောက် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲတပ်ဖွဲ့မှူး Mr. Zhang Hongbo တည်ခင်း ဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။
      ဧပြီ ၂၇ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ UNESCO စာရင်းဝင် အထင်ကရ နေရာ တစ်ခုဖြစ်သည့် Potala Palace နှင့် တာ့ကျောင်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လေ့လာခဲ့ကြသည်။ ထို့နောက် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကောလိပ်သို့သွားရောက်ပြီး သင်တန်းသားများ၏ လက်တွေ့လေ့ကျင့်မှုအစီအစဉ်များကိုလည်းကောင်း၊ ကျားရှီး (Zhaxi) ရဲစခန်းသို့ သွား‌ရောက်ပြီး အမျိုးသား မှတ်ပုံတင်ကတ်ပြုလုပ်ခြင်းနှင့် ရဲလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိဗက်ပြည်နယ် အကြမ်း ဖက်မှုနှိမ်နင်းရေးဌာနသို့ သွားရောက်ပြီး မိုင်းရှင်းလင်းရေးလေ့ကျင့်ခန်းများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး စီးနင်းဝင်ရောက်နှိမ်နင်းမှုလေ့ကျင့်ခန်းများနှင့် လက်ဖြောင့်တပ်သားများ၏ လေ့ကျင့်ပစ်ခတ်မှုများကို လည်းကောင်း လေ့လာခဲ့ကြသည်။
     ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် ၁၁ နာရီ ၂၅ မိနစ်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လာဆာ (Lhasa) မြို့မှ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့သို့ ထွက်ခွာခဲ့ရာ ချန်ဒူးမြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ရောက်ရှိခဲ့ပြီး ထိုမှ တစ်ဆင့် ကွမ်တုံးပြည်နယ်၊ ကွမ်ကျိုးမြို့သို့ ဆက်လက်ထွက်ခဲ့ရာ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ရောက်ရှိခဲ့ကာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ကွမ်တုံးပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး မစ္စတာ ဟွမ်ကော်ဟွေး (Mr. Huang Guohui) ဦးဆောင်သောအဖွဲ့မှ ကြိုဆိုခဲ့ကြသည်။
     ထို့နောက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၀ မိနစ်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကွမ်တုံးပြည်နယ်ရဲတပ်ဖွဲ့မှူး မစ္စတာလျိုကော်ကျိုး (Mr. Liu Guozhou) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပပျောက်ရေး၊ နိုင်ငံ ဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေး၊ နယ်စပ်နေပြည်သူများ ဘေးကင်းလုံခြုံရေး၊ နှစ်နိုင်ငံ ဝန်ကြီးဌာနနှစ်ခုအကြား ဝန်ကြီးအဆင့် သဘောတူညီချက်များအပေါ် ဆက်လက်အကောင်အထည်ဖော်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ဆက်ဆံနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီးနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကျူးမြစ်အတွင်း လှည့်လည်လေ့လာခဲ့ကြသည်။
     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ တရုတ်နိုင်ငံသို့ အလုပ်သဘော ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု များအပေါ် အပြုသဘောဆောင်သည့် ရလဒ်များကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။

1

2

9

3

4

5

6

7

8