Language: Myanmar English

Featured

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၆ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တံငါကျေးရွာနေ မကွေးကွေး(၂၅)နှစ်၊ ဦးသောကြာ(၃၈)နှစ်နှင့် ဒေါ်မိုးခင်(၅၀)နှစ်တို့သည် မတ္တရာမြို့နယ်၊ ရေနံ့သာတိုးဂိတ်မှ တံငါကျေးရွာသို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် ၂၇ မိုင် ၇ ဖာလုံနှင့် ၂၈ မိုင်ကြား တညင်းအင်းငါးကန်လမ်းခွဲ အနီးအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲ ခဲ့မှုကြောင့် မကွေးကွေးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးသောကြာနှင့် ဒေါ်မိုးခင် တို့၌လည်း မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူများအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။