Language: Myanmar English

Featured

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၇ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ မြို့မရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒီပဲယင်းမြို့နယ်၊ တောင်ပြင်ရပ်ကွက်နေ စည်ပင်သာယာရေး ကော်မတီမှ သန့်ရှင်းရေးနေ့စားဝန်ထမ်းဖြစ်သူ ဦးအုန်းမောင်(၆၇)နှစ်သည် အဆိုပါရပ်ကွက်ရှိ ရွှေဘို-ရေဦးသွားကားလမ်းဘေး၌ အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ဦးအုန်းမောင်တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဒီပဲယင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယာယီဖွင့်လှစ်ထားသည့် ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အလားတူ မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၁)ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ ပဲခူးမြစ်လမ်းနှင့် ဇလွန်မြစ်(၃)လမ်းသွယ်ထောင့်အနီး၊ မြို့နယ်ဥပဒေရုံး ရှေ့၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ၎င်းနေရာအနီးရှိနေသည့် ဦးဝင်းတင်(၆၅)နှစ်တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ လမ်းပေါ်မှ ဖြတ်သန်းမောင်းနှင်လာသည့် YGN-40 2N-XXXX LANDCRUISER PARADO ခဲရောင်ယာဉ်၏ ဝဲဘက်ရှေ့တံခါးနှင့် နောက်တံခါးမှန်များ မိုင်းစထိမှန်ပျက်စီးခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူအား သင်္ကန်းကျွန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။