Language: Myanmar English

Featured

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၁၈ ရက် ညနေ ၆ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြင်းခြံမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်နေ ဒေါ်ခင်စန်းဝင်း (၆၇)နှစ်၊ အမှတ်(၁၃)ရပ်ကွက်နေ ဦးမိုးဟိန်း(၄၃)နှစ်၊ အမှတ်(၁၂)ရပ်ကွက်နေ ဒေါ်လင်းလင်း(၅၀)နှစ်နှင့် ဒေါ်အေးမြတ်မွန်(၃၇)နှစ်တို့သည် MON-1 FF/XXXX MAZDA FAMILIA ယာဉ်ဖြင့် မန္တလေးမြို့မှ မြင်းခြံမြို့သို့ မြင်းခြံ-မြို့သာသွားကားလမ်းအတိုင်း ထွက်ခွာလာစဉ် ကုက္ကဲကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဒေါ်ခင်စန်းဝင်းတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမိုးဟိန်းပါ သုံးဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
   အလားတူ ညနေ ၆ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ရေအိုးစင်ကျေးရွာအနီးရှိ မုန်းချောင်းကမ်းစပ်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာနေ မစန်းစန်းဦး(၂၉)နှစ်နှင့် မစံပယ်ဌေး(၁၈)နှစ်တို့သည် မုန်းချောင်းကမ်းစပ်သို့ ရေခပ်ရန်ထွက်ခွာလာစဉ် လမ်းဘေးမှ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။