အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၂၆ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ ရေပူကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကိုသိန်းသန်းထွန်း(၂၄)နှစ်သည် ၎င်း၏နေအိမ်မှ ရေမြက်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားရောက်စဉ် ကျည်တောက်ပေါက်ကျေးရွာနှင့် ရေမြက်ကျေးရွာကြားအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ကိုသိန်းသန်းထွန်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ည ၈ နာရီ ၅ မိနစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် (၁)ရပ်ကွက်ရှိ ONE LOVE HOTEL ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဟိုတယ်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမား တစ်ဦး (စိစစ်ဆဲ)က လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ဟိုတယ်ရှေ့သို့ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ဟိုတယ်ဧည့်ကြိုဝန်ထမ်းဖြစ်သူ ကိုနိုင်မင်းစိုး(၃၅)နှစ်တွင် ဗုံးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ မေ ၂၇ ရက် နံနက် ၃ နာရီ ၅၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းခဲရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရုံးဝင်းအတွင်း KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ရုံးအမိုးသွပ် ၃၀ ချပ်၊ အမိုးရှိ သစ်သားတန်းများနှင့် ရုံးရှေ့မျက်နှာစာအုတ်နံရံ နှစ်ပေပတ်လည်ခန့် ပျက်စီးကာ ရုံးနှင့်မျက်နှာချင်းဆိုင်ရှိ လူနေအိမ်နှစ်လုံး၏ ပြတင်းတံခါးမှန်များ ကွဲအက်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured