အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိ ပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၂၉ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကျော်မိုး(၄၈)နှစ်သည် ကျေးရွာအနီးရှိ လယ်တောသို့ တစ်ဦးတည်းသွားရောက်စဉ် လမ်းဘေး၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ဦးကျော်မိုးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖြူးမြို့နယ်၊ ရေပြာကျေးရွာနေ ဦးမင်းဇော်ဦး(ခ)ဦးမင်းမင်း(၄၆)နှစ်သည် ကျေးရွာအနီးရှိ လယ်တောသို့ သွားရောက်စဉ် ကျေးရွာအထွက်လမ်းဘေးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ဦးမင်းဇော်ဦး(ခ)ဦးမင်းမင်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာ၌ မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိမှုမှတ်တမ်းဓာတ်ပုံ။
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရေပြာကျေးရွာ၌ မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။