၂၀၂၄ ခုနှစ်၊ ဇွန် ၂ ရက် မွန်းလွဲ ၃ နာရီ ၃ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ရွှေတောင်ရပ်ကွက်၊ အောက်လမ်းမကြီးနှင့် သီတာလမ်းထောင့်တွင် ပိုင်ရှင် ဦးကျော်ဆန်းထက်၏ ၂၅x၆၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ် “Shin Shine Mobile” ဖုန်းအရောင်းဆိုင်အပေါ်ထပ်၌ ဖုန်ကာဗာများထည့်ထားသည့် စတိုခန်းအတွင်း ယာယီသွယ်တန်း ထားသည့် ဝိုင်ယာကြိုးပလပ်ခေါင်းချောင်ပြီး မီးပွားထွက်ရာမှ အနီးရှိမွေ့ယာသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်း၊ မော်လမြိုင်နယ်မြေမီးသတ် စခန်းနှင့် မြိုင်သာယာ နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၄ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၅x၆၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ် “Shin Shine Mobile” ဖုန်းအရောင်းဆိုင်အပေါ်ထပ်ရှိ အဲယားကွန်းအဟောင်း တစ်လုံး၊ မွေ့ယာ တစ်ခု၊ ဖုန်းကာဗာများ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးကျော်ဆန်းထက်အား မော်လမြိုင်မြို့၊ စစ်ကဲကုန်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured