Language: Myanmar English

Featured

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလို ဖမ်းဆီးရမိ

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ မေ ၃၁ ရက် ညနေ ၅ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကွန်ပျူတာတက္ကသိုလ်ရှေ့၊ ကလေး-ကလေးဝသွားကားလမ်းတွင် ဝင်းအောင်ထွန်း မောင်းနှင်ပြီး တင်မောင်လှ လိုက်ပါလာသည့် MITSUBISHI FUSO ၆ ဘီး Container Box မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၅၅၀၀ ခွက်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရမိဘိန်းဖြူများ တာဝန်ခံသယ်ဆောင်သူများဖြစ်သည့် သော့နေလွယ်(ခ)ပါးလွယ်နှင့် ဇနီးဖြစ်သူ မအေးအေးမြင့်တို့အပါအဝင် ဝင်းအောင်ထွန်းနှင့် တင်မောင်လှတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

2

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် ဘိန်းဖြူများနှင့်အတူ တွေ့ရစဉ်။

3

ပြစ်မှုကျူးလွန်သူ သော့နေလွယ်(ခ)ပါးလွယ်နှင့် ဇနီး အေးအေးမြင့် တို့၏ ကလေးမြို့၊

တာဟန်းရပ်ကွက်ရှိ နေအိမ်အား တွေ့ရပုံ။