အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၅ ရက် မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိုးမောက်မြို့နယ်နေ ကိုကျော်မျိုးဌေး(၂၀)နှစ်၊ မောင်ကောင်းမြတ်သူ(၁၈)နှစ်နှင့် ကိုသိန်းဝင်းလှိုင်(၂၁)နှစ်တို့သည် ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်မှ နမ့်ဖားရပ်ကွက်သို့ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လာစဉ် နမ့်ဖားရပ်ကွက်အနီး မြို့ရှောင်လမ်းအရောက် လမ်းဘေးမှ KIA လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့သုံးဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နမ့်ဖားရပ်ကွက်၌ မိုင်းပေါက်ကွဲမှုကြောင့်
အမျိုးသားသုံးဦးထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။