နိုင်ငံတော်အတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းဘေးအတွေ့အကြုံများကိုအခြေခံပြီး ပြည်သူဗဟိုပြုသည့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုများ၊ သဘာ၀ဘေးအန္တရာယ်လျော့ပါးရေးအစီအစဉ်များ၊ ဟောပြောပို့ချခြင်းများကို နေရာဒေသအသီးသီးမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရှိ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ၏ အတွေ့အကြုံများနဲ့ပေါင်းစပ်ကာ ဒေသအတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျန်းမာရေး အဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ရပ်မိရပ်ဖများပူးပေါင်းကာ ပိုမိုအလေးထားကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၇ ရက် နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဇင်ရွှဲလေးကျေးရွာအုပ်စု၊ ဇင်ရွှဲလေးကျေးရွာရှိ Cyclone Shulter တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုများကို ဧရာဝတီတိုင်းဒေသကြီးအတွင်း မုန်တိုင်းဘေးအန္တရာယ် အပါအဝင် ရေကြီးရေလျှံမှုများ၊ အခြားသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းလေ့ကျင့်ထားသည့် တိုင်းဒေသကြီးအဆင့် ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ(၁)ခွဲ အင်အား ၁၁၆ ဦး တို့သည် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင် မိတ်ဖက်အင်အား ၅၀ ဦးတို့ဖြင့် ဒေသခံပြည်သူ ၃၀၀ ဦးတို့နှင့်အတူ ပူးပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။