အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၂ ရက် နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာနေ ဒေါ်မာကြီး(၅၃)နှစ်သည် ကျေးရွာ၏အနောက်ဘက် မီတာ ၆၀၀ ခန့်အကွာရှိ ဒေသအခေါ် သစ်ငုတ်တစ်ထောင်ချောင်းဘက်သို့ ဟင်းရွက်ခူးရန် ထွက်ခွာလာစဉ် အဆိုပါချောင်း၏အရှေ့ဘက်ကမ်းပါးအရောက် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကန့်ဘလူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်း ရိပ်သာ(အနောက်)ရပ်ကွက်၊ ၈၄ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ “ဇွဲထက်”ရွှေဆိုင်အမှတ်(၄)၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၃၄ လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာသည့် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က အဆိုပါရွှေဆိုင်ရှေ့အရောက် လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ရွှေဆိုင်ရှေ့ရှိ ဆိုင်ကယ်များရပ်တန့်ထားသည့်နေရာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ် နှစ်စီး ဗုံးပေါက်ကွဲစထိမှန်ပျက်စီးခဲ့ကာ ရွှေဆိုင်ဝန်ထမ်းများဖြစ်သည့် အောင်နန်းရိပ်(အရှေ့)ရပ်ကွက်နေ ဦးကိုကိုနောင်(၂၈)နှစ်၊ ကိုသန်းထိုက်(၁၈)နှစ်၊ ကိုထွန်းထွန်းအောင်(၁၉)နှစ်၊ မကြယ်စင်ဝင်းလဲ့အောင်(၂၂)နှစ်နှင့် ကိုရှိုင်းမင်းဦး(၂၃)နှစ်တို့တွင် ဗုံးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ည ၈ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ မြို့မရပ်ကွက်အမှတ်(၂)၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးမျိုးသန့်(၆၁)နှစ်၏နေအိမ်သို့ PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် နေအိမ်ခြံဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်အတွင်းရှိနေကြသည့် မြို့မရပ်ကွက်အမှတ်(၁)နေ မသူဇာဝင်း(၂၆)နှစ်နှင့် မအိဖြူ(၄)နှစ်တို့တွင် ပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မော်လိုက်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured