အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၆ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တနင်္သာရီမြို့နယ်၊ မော်တုံး(အရှေ့)ကျေးရွာနေ မပန်းဝတ်မှုံ(၁၇)နှစ်သည် ဇွန် ၁၅ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် သူငယ်ချင်းဖြစ်သူ ဘန်းလမွတ်ကျေးရွာနေ မငြိမ်းမြတ်ဝေ(၁၇)နှစ်နှင့်အတူ ၎င်း၏နေအိမ်မှ ဘန်းလမွတ်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ဘန်းလမွတ်ကျေးရွာအဝင်အရောက် PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် မပန်းဝတ်မှုံတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ပြီး မငြိမ်းမြတ်ဝေတွင် ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
အလားတူ ဇွန် ၁၆ ရက် ည ၇ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ တိုက်နယ်ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ မြို့မ(၂)ရပ်ကွက်နေ ဦးမောင်(၅၃)နှစ်သည် အင်းဝိုင်းကျေးရွာနှင့် ပုဇွန်မြောင်းကျေးရွာကြားရှိ လယ်ကွင်းအတွင်း ထွန်စက်မောင်းနေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ကထောင်ထားသည့် မိုင်းတစ်လုံးအား ကြိတ်မိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့်
အမျိုးသား တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။