၂၀၂၄ ခုနှစ်၊ ဇွန် ၁၉ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား အကြမ်းဖက် အမျိုးသား လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး လုယက်ဓားပြတိုက်နေကြောင်း သတင်းအရ မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းလှည့်ကင်းအဖွဲ့များဖြင့် တရားခံများဖမ်းဆီးရမိရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် ပူးပေါင်းလှည့်ကင်းအဖွဲ့သည် ကမ္ဘောဇဘဏ်(၁)သို့ ရောက်ရှိပြီး ဝင်ရောက်စီးနင်းဖမ်းဆီးရာ လုယက်ဓားပြတိုက်သူ အကြမ်းဖက်သမား အမျိုးသား တစ်ဦးအား အသေဖမ်းဆီးရမိသည့်အပြင် ၎င်းတို့ ဓားပြတိုက်ယူဆောင်ထားသည့် ငွေကျပ်သိန်းပေါင်း ၃၀၃၁ သိန်း၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် လုယက်ဓားပြတိုက်ရာတွင် အသုံးပြုသည့် လက်လုပ်ပစ္စတို တစ်လက်၊ ၉ မမကျည် ကိုးတောင့်၊ ဗုံးသီး (စိစစ်ဆဲ) တစ်လုံး၊ ဆိုင်ကယ် နှစ်စီးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
စိစစ်ချက်အရ ဘဏ်အား ဝင်ရောက်လုယက်ဓားပြတိုက်သူများမှာ ပေါင်းလှရွာအခြေပြု စစ်ကိုင်းခရိုင် PDF တပ်ရင်း(၂) ဆင်ရိုင်း(ခ)ခိုင်ဇော်လင်း ဦးဆောင်သော အဖွဲ့ဖြစ်ကြောင်းနှင့် အသေဖမ်းဆီးရမိသည့် အကြမ်းဖက်သမားမှာ ၎င်းအဖွဲ့မှ ကိုနောင်ဖြစ်ကြောင်း သိရှိရသည်။
လုယက်ဓားပြတိုက်မှုမှ ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန်ရှိသည့် တရားခံများအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ဝင်/မြို့ထွက်နေရာများအား ပိတ်ဆို့၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား ဝင်ရောက် လုယက်ဓားပြတိုက်ခဲ့သည့်အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ရာမှ သက်သေခံပစ္စည်းများ သိမ်းဆည်းရမိမှု မှတ်တမ်းဓာတ်ပုံ။