တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၉ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရွာသာယာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တိုက်ကြီးမြို့နယ်၊ ပိန်းရှိုကျေးရွာနေ ရာအိမ်မှူး ဦးဝင်းမောင်(၅၆)နှစ်သည် ရွာသာယာကျေးရွာရှိ ဦးအေးကို(၃၀)နှစ်၏ နေအိမ်ဈေးဆိုင်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အရှေ့သပြေကုန်းရပ်ကွက်နေ ဦးအောင်ပိုင်စိုး(ခ)အောင်ချမ်း(၃၈)နှစ်၊ တိုက်ကြီးမြို့နယ်၊ ရွာသာယာ ကျေးရွာနေ ဦးအောင်ဇော်ထွန်း(၄၆)နှစ်၊ ပိန်းရှိုကျေးရွာနေ ဦးချစ်အေး(၄၃)နှစ်တို့နှင့်အတူ ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ငါးဦး (စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းမောင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ပြီး ဦးအောင်ပိုင်စိုး (ခ)အောင်ချမ်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ဦးအောင်ဇော်ထွန်းနှင့် ဦးချစ်အေးတို့တွင် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။