အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၉ ရက် နံနက် ၇ နာရီခွဲတွင် မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကန်ကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာနေ ဦးအောင်မင်းစိုး(၄၃)နှစ်နှင့် တစ်ရွာတည်းနေ ဦးခင်မောင်ချို(၃၈)နှစ်တို့သည် လယ်မကျေးရွာမှ ကန်ကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ကန်ကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက် အဖွဲ့ကထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ပွင့်ဖြူမြို့နယ်၊ မဲဇလီတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ နမ့်ကော်ကျေးရွာ အနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမိုးမိုးအောင်(ခ)အေးကို(၅၃)နှစ်သည် ကျေးရွာ၏အရှေ့ဘက် တောအတွင်းရှိ မီးသွေးဖုတ်သည့်နေရာမှ မြင်းနှစ်ကောင်ဖြင့် မီးသွေးများတင်ဆောင်၍ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် ကျေးရွာအပြင်ဘက်ရှိ လက်ဖက်ခြံအနီးအရောက် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် မြင်းနှစ်ကောင်တွင် မိုင်းပေါက်ကွဲစထိမှန် သေဆုံးသွားခဲ့ပြီး ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured