Language: Myanmar English

Featured

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်း ယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

    အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၄ ရက် နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရေဦးမြို့နယ်၊ ရေဦးကုန်းကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးစိုးမြင့်(၇၀)နှစ်၏နေအိမ် ရှေ့တံခါးအနီး၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်ရှေ့တွင် ထားရှိသည့် SGG-74W/XXXX DAYANG ဆိုင်ကယ်၏ ကာဘာများနှင့် နေအိမ်ခေါင်မိုးသွပ် သုံးချပ်တို့ မိုင်းပေါက်ကွဲစထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

mpf2 1

mpf2 2

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့် နေအိမ်အမိုးနှင့် ဆိုင်ကယ်တစ်စီး ပျက်စီးမှု မှတ်တမ်းဓာတ်ပုံ။