အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ မဲဇလီတိုက်နယ်ဆေးရုံသို့ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ရောက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ စေတုတ္တရာမြို့နယ်၊ ဝန်လိုကျေးရွာနေ ဦးနိုင်မိုး(၄၄)နှစ်နှင့် ၎င်း၏သမီးဖြစ်သူ မနှင်းအိဖြူ (၁၂)နှစ်တို့သည် ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာမှ စေတုတ္တရာမြို့နယ်၊ ဝန်လိုကျေးရွာရှိ နေအိမ်သို့ တောလမ်းအတိုင်း လမ်းလျှောက်ပြန်လာစဉ် လမ်းဘေးတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးနိုင်မိုးနှင့် မနှင်းအိဖြူတို့တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured