တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂ ရက် မွန်းလွဲ ၂ နာရီတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်သို့ AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် မနော်မီမာ(၇)နှစ်တွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မနော်ရှမီ(၇)နှစ်၊ မဂျန်ကာအာရာ(၂၀)နှစ်၊ မောင်အားဆတ်(၄)လနှင့် ဒေါ်ဒီတူး(၃၅)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင် ၃ ရက် နံနက် ၇ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်သို့ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း ရှော့တိုက်ဒုံးသီးများ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် ဒေါ်မာဂျီ(၄၉)နှစ်၊ ဦးဆိုင်းခွန်(၃၅)နှစ်၊ ဒေါ်မေရီ(၃၃)နှစ်၊ မောင်ဇေဇောင်း(၁၂)နှစ်၊ မောင်ဒွဲအောင်(၁၄)နှစ်နှင့် မဇေညွယ်(၁၂)နှစ်တို့ ရှော့တိုက် ဒုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
အကြမ်းဖက်သောင်းကျန်းသူများက လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ပြမြေပုံ။