မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက် နံနက် ၇ နာရီ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တောင်စဉ်အေးစစ်ဆေးရေးစခန်းတွင် ပျဉ်းမနားဘက်မှ ရေနီဘက်သို့ ဇေယျာကျော် မောင်းနှင်ပြီး ဟိန်းကျော်မင်း လိုက်ပါလာသည့် LIGHT TRUCK မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ကြက်စာအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်း သိမ်းဆည်းရမိခဲ့ပါသည်။ စစ်ဆေးဖော်ထုတ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားများအား ကလောမှပျော်ဘွယ်သို့ သယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူများဖြစ်ကြသည့် မြတ်ပိုင်သူ၊ ဖြိုးစည်သူဟိန်းနှင့် အောင်အောင်(ခ)အောင်ကြီးတို့ သုံးဦးအား ရမည်းသင်းမြို့နယ်၊ တွင်းကျေးရွာအနီးတွင် သယ်ဆောင်ခဲ့သည့် NISSAN BOX မော်တော်ယာဉ် တစ်စီးနှင့် လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် နွယ်နီသင်း၊ ရဲဒွေးလှိုင် (ခ)ဗလနှင့် မြင့်အောင်တို့ သုံးဦးအား ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်ရှိ မိုတယ်တွင် TOYOTA WILL မော်တော်ယာဉ် တစ်စီး၊ TOYOTA ESTIMA မော်တော်ယာဉ် တစ်စီးနှင့် လည်းကောင်း၊ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် စီမံဆောင်ရွက်သူ ဝေမင်းဖြိုး(ခ)အုန်းအုန်းနိုင်အား ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။ ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ဂိုဏ်းဖွဲ့သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။
ဖမ်းမိတရားခံများ မှတ်တမ်းဓာတ်ပုံ။