၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄ ရက် နံနက် ၆ နာရီခန့်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုဖြစ်ပွားပြီး မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပေါက်ကုန်းရပ်ကွက်နှင့် ညောင်ပင်ရပ်ကွက်၊ ရွှေကျီးနားရပ်ကွက်နှင့် ဗန်းမော်မြို့နယ်၊ မံမလင်းကျေးရွာ၊ သဖန်းပင်ကျေးရွာတို့ရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗန်းမော်ခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်စက်ယာဉ် တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ ရှစ်စီးတို့ဖြင့် ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီ ၁၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ပေါက်ကုန်းရပ်ကွက်မှ အိမ်ထောင်စု ၈၉ စု၊ အမျိုးသား ၁၇၉ ဦး၊ အမျိုးသမီး ၂၀၂ ဦး စုစုပေါင်း ၃၈၁ ဦးတို့အား ပေါက်ကုန်းရပ်ကွက်ရှိ ရေဘေးလွတ်ရာ ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းသို့လည်းကောင်း၊ ညောင်ပင် ရပ်ကွက်မှ အိမ်ထောင်စု ၁၇ စု၊ အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၅၅ ဦး စုစုပေါင်း ၁၀၅ ဦး၊ ရွှေကျီးနားရပ်ကွက်မှ အိမ်ထောင်စု ခုနှစ်စု၊ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၂၇ ဦးအား ရေဘေးလွတ်ရာ အမှတ်(၆)အခြေခံပညာအထက်တန်ကျောင်းသို့လည်းကောင်း၊ မံမလင်းကျေးရွာမှ အိမ်ထောင်စု ငါးစု၊ အမျိုးသား ကိုးဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၂၅ ဦးအား ထီးလင်းဘုန်းတော်ကြီးကျောင်း (မံမလင်းကျေးရွာ) သို့လည်းကောင်း၊ သဖန်းပင်ကျေးရွာမှ အိမ်ထောင်စု ၁၂၀ စု၊ အမျိုးသား ၄၀၀ ဦး၊ အမျိုးသမီး ၄၄၁ ဦး စုစုပေါင်း ၈၄၁ ဦးတို့အား အခြေခံပညာအလယ်တန်းကျောင်း(သဖန်းပင်ကျေးရွာ)သို့လည်းကောင်း ကူညီရွှေ့ပြောင်းပေးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။
Featured