Language: Myanmar English

Featured

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ခိုးမှု သုံးမှုနှင့် ခိုးမှု(မသင်္ကာ) နှစ်မှု ကျူးလွန်သူ တရားခံ အမျိုးသား လေးဦးအား သက်သေခံရွှေထည်ပစ္စည်းများ၊ ငွေကြေးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

     ၂၀၂၄ ခုနှစ်၊ ဇွန် ၁၁ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၇)ရပ်ကွက်၊ ဇမ္ဗူသီရိလမ်း၊ အိမ်အမှတ်(၇၆၄)နေ ဦးဒွန်ထက်ရှိန်၏ နေအိမ်အိပ်ခန်းအတွင်းရှိ ခရီးဆောင်အိတ်အတွင်း ထည့်ထားသည့် ရွှေတုံး နှစ်တုံးနှင့် ရွှေထည်ပစ္စည်း မျိုးစုံ ၃၁ မျိုး၊ မြန်မာကျပ်ငွေ ၈၁,၈၀၅,၅၀၀ တန်ဖိုးရှိ နိုင်ငံခြားသုံးငွေများ၊ စုစုပေါင်းတန်ဖိုးငွေ ကျပ် ၁၅၉,၈၁၅,၉ဝဝ ခန့် ခိုးယူခံရကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းတွင် (ပ)၃၀၇/ ၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ခဲ့သဖြင့် တရားခံများဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
     လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးပြီး တရားခံများ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၅၈)ရပ်ကွက်နေ ငရဲ(ခ)ထက်ဦး ၂၉ နှစ်(ဘ)ဦးစိုးအား ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာအုပ်စု၊ မြစိမ်းကျေးရွာတွင် ဇွန် ၁၄ ရက် ညနေ ၆ နာရီခွဲတွင် လည်းကောင်း၊ တစ်ရပ်ကွက်တည်းနေ ပြည့်စုံ(ခ)ကုလား ၂၉ နှစ်(ဘ)ဦးဝင်းတင်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်ရှိ SKY KTV တွင် ဇွန် ၁၅ ရက် ည ၁၁ နာရီတွင် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
    ဖမ်းဆီးရမိသူ တရားခံများဖြစ်သည့် ငရဲ(ခ)ထက်ဦးနှင့် ပြည့်စုံ(ခ)ကုလားတို့၏ ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၀၀ တန် ၁၈၈ ရွက်၊ တိုင်ချက်မပါ နိုင်ငံအချို့မှ ငွေအကြွေစေ့မျိုးစုံ ၃၂ စေ့၊ တန်ဖိုးငွေ ကျပ် ၆၉ သိန်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ ခြောက်မျိုး၊ အမေရိကန်ဒေါ်လာများအား ရောင်းချရရှိငွေများအနက်မှ ကျန်ရှိသည့် မြန်မာငွေကျပ် ၂၃၅ သိန်း၊ လက်ကိုင်ဖုန်း နှစ်လုံးတို့အား ၎င်းတို့၏နေအိမ်အသီးသီးတွင် သိမ်းဆည်းရမိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများနှင့် ၎င်းတို့၏ ခိုးရာပါသက်သေခံပစ္စည်းများအား ထုခွဲရောင်းချပေးသူ ဖမ်းဆီးရန်ကျန်တရားခံ ထွန်းထွန်းလင်း(စိစစ်ဆဲ)မှ ယူဆောင်ထွက်ပြေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
     ဆက်လက်၍ ဖမ်းဆီးရမိတရားခံများအား အခြားပြစ်မှုများကျူးလွန်ထားရှိမှု ရှိမရှိ အသေးစိတ် ဆက်လက်စစ်ဆေးရာ တရားခံ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလားနှင့် ဟိန်းထက်ဇော်(ခ)အသေးလေး တို့ သုံးဦးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် အမှတ်(၇၈)ရပ်ကွက်၊ အိမ်အမှတ် (၆၄၀)မှ ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေ ကျပ် ၁၉၇ သိန်းကျပ်အား ခိုးယူခဲ့ကြောင်း၊
     ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလားနှင့် ချစ်ကို(ခ)လက်ပွားတို့ သုံးဦးသည် သာကေတမြို့နယ်၊ (၆/အနောက်)ရပ်ကွက်၊ ဇမ္ဗူသီရိလမ်း၊ အိမ်အမှတ်(၁၉၃/ခ)မှ ရွှေထည်ပစ္စည်းမျိုးစုံတန်ဖိုး ငွေကျပ် ၉,၅၃၅,၃၀၀ ကို ခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ပြစ်မှုကျူးလွန်၍ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်ကြသည့် ဟိန်းထက်ဇော်(ခ)အသေးလေးနှင့် ချစ်ကို(ခ)လက်ပွားတို့အား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇွန် ၁၆ ရက် မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆ဝ)ရပ်ကွက်နေ ဟိန်းထက်ဇော်(ခ)အသေးလေး ၂၃နှစ်(ဘ)ဦးဇော်ဝင်းနှင့် ဒလမြို့နယ်၊ တံတားကျောင်းကျေးရွာနေ ချစ်ကို(ခ)လက်ပွား ၂၂ နှစ်(ဘ)ဦးဖိုးချိုတို့အား ၎င်းတို့၏နေအိမ်အသီးသီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး အမှု နှစ်မှုမှ သက်သေခံပစ္စည်း တန်ဖိုးငွေကျပ် ၂၆၁ သိန်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၅ ကျပ်သား ၁၁ ပဲအား ထပ်မံသိမ်းဆည်း ရရှိခဲ့သည်။
     ဖမ်းဆီးရမိတရားခံ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလား၊ ချစ်ကို(ခ)လက်ပွားနှင့် ဟိန်းထက်ဇော်(ခ)အသေးလေးတို့ လေးဦးအား ဆက်လက်စစ်ဆေးရာ ၎င်းတို့ လေးဦးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၇)ရပ်ကွက်ရှိ နေအိမ် တစ်လုံးမှ Vivo အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်း တစ်လုံး ခိုးယူခဲ့ပြီး ဧပြီလအတွင်းတွင် အဆိုပါရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ လက်ကိုင်ဖုန်းမျိုးစုံ သုံးလုံးခိုးယူခဲ့ကြောင်း ထပ်မံဖော်ထုတ်သိရှိရသဖြင့် ၎င်းတို့ လေးဦးအား အမှုတစ်ခုချင်းစီအတွက် အမှုအသီးသီး ထပ်မံဖွင့်လှစ်ခဲ့သည်။
   ဖြစ်စဉ်တွင် ခိုးမှု သုံးမှု၊ ခိုးမှု(မသင်္ကာ)နှစ်မှုတို့အား ဖော်ထုတ်နိုင်ခဲ့ပြီး အမှုများမှ ဖမ်းဆီးရမိ တရားခံ ငရဲ(ခ)ထက်ဦးပါ လေးဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိပြီး သက်သေခံရွှေထည်ပစ္စည်း၊ ငွေကြေးများနှင့်အတူ ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန် တရားခံ ထွန်းထွန်းလင်းအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

1 1

(ဝဲမှယာ) ချစ်ကို(ခ)လက်ပွား၊ ဟိန်းထက်ဇော်(ခ)အသေးလေး၊ ပြည့်စုံ(ခ)ကုလား၊ ငရဲ(ခ)ထက်ဦး တို့အား

သက်သေခံရွှေထည်ပစ္စည်းများ၊ ငွေကြေးများနှင့်အတူ တွေ့ရစဉ်။