၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈ ရက် နံနက် ၈ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့တွင် ချင်းတွင်းမြစ်ရေနှင့် မြစ်သာမြစ်ရေမြင့်တက်မှုဖြစ်ပွားပြီး မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၁ ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ ကိုင်းကျေးရွာ၊ တုန်နန်းကျေးရွာနှင့် မစိန်ကျေးရွာများရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကလေးဝမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်စက်ယာဉ် တစ်စီးဖြင့် ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ရေဝင်ရောက်နေသော အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့မှ အိမ်ထောင်စု(၉)စု၊ အမျိုးသား(၁၈)ဦး၊ အမျိုးသမီး(၂၁)ဦး၊ စုစုပေါင်း(၃၉)ဦးတို့အား ရေဘေးလွတ်ရာ အမှတ်(၅)အခြေခံပညာမူလတန်းလွန်ကျောင်းသို့လည်းကောင်း၊ ကိုင်းကျေးရွာနှင့် တုန်နန်းကျေးရွာရှိ အိမ်ထောင်စု(၁၅)စု၊ အမျိုးသား(၂၇)ဦး၊ အမျိုးသမီး(၂၆)ဦး၊ စုစုပေါင်း(၅၃)ဦးတို့အား ရေဘေးလွတ်ရာ နီးစပ်ရာဆွေမျိုးများနေအိမ်သို့လည်းကောင်း၊ မစိန်ကျေးရွာမှ အိမ်ထောင်စု(၉)စု၊ အမျိုးသား(၂၅)ဦး၊ အမျိုးသမီး(၁၈)ဦး၊ စုစုပေါင်း(၄၃)ဦးတို့အား ရေဘေးလွတ်ရာ မစိန်ကျေးရွာရှိ မင်းနန်းမော်ဘုန်းတော်ကြီး ကျောင်းသို့လည်းကောင်း ကူညီရွှေ့ပြောင်းပေးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။
Featured