Language: Myanmar English

Featured

အကြမ်းဖက်သောင်းကျန်းသူများက မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

     အကြမ်းဖက်သောင်းကျန်းသူများသည် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇူလိုင် ၈ ရက် ည ၁၀ နာရီတွင် မိုးကုတ်မြို့၊ ရေပူရပ်ကွက်သို့ အကြမ်းဖက်သောင်းကျန်းသူများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ကိုနိုင်(၃၁)နှစ်နှင့် ၎င်း၏ကလေးငယ် ရက်(၂၀)သားတို့တွင် ရှော့တိုက်ဒုံးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုလှဝင်း(၂၁)နှစ်၊ မချစ်စု(၃၁)နှစ်၊ မခင်သက်ပိုင်(၂၁)နှစ်နှင့် မထိုက်ထိုက်ရှိုင်း(၂၆)နှစ်တို့တွင် ရှော့တိုက်ဒုံးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ ဇူလိုင် ၉ ရက် ည ၇ နာရီ ၅၅ မိနစ်တွင် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် ဒဏ်ရာရရှိသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် မတ္တရာမြို့နယ်၊ အုတ်ဖိုလေးရွာသစ်ကျေးရွာသို့ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးဇော်လွင်(၄၈)နှစ်၊ ၎င်း၏ဇနီး ဒေါ်စန္ဒာဝင်း(၃၈)နှစ်နှင့် သမီး မပြည့်ဖူးလွင်(၁၄)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

MPF 00312

MPF 00412

MPF 00512

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။