အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ထီးလင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ဦးစိုးဝင်း(၃၉)နှစ်သည် ၎င်း၏ နေအိမ်မှ တောအတွင်းသို့ မှိုရှာရန် ထွက်ခွာလာစဉ် ဒေသအခေါ် စခန်းကြီးဇရပ်အနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးစိုးဝင်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ပွင့်ဖြူမြို့နယ်ရှိ မဲဇလီတိုက်နယ်ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ ပွင့်ဖြူမြို့နယ်၊ ဆည်တော်ကျေးရွာနေ ကိုချမ်းကိုကို (၂၉)နှစ်သည် ဇနီးဖြစ်သူ မစောလင်း(၂၂)နှစ်နှင့်အတူ ဝန်ကျေးရွာမှ ဆည်တော်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ရေယာဉ်ကျေးရွာအနီး တောလမ်းအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ကိုချမ်းကိုကိုနှင့် မစောလင်းတို့တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ကိုချမ်းကိုကိုမှာ ဆေးကုသမှုခံယူနေစဉ် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၆ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကန်ဖြူကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးမျိုးမြင့်(၃၅)နှစ်သည် ၎င်း၏နေအိမ်မှ ကန်ဖြူကျေးရွာ၏ အရှေ့ဘက်ရှိ “စိန်ရတနာထွန်း” ဆန်စက်သို့ အလုပ်လုပ်ကိုင်ရန်သွားရောက်စဉ် ဆန်စက်အနီးအရောက် PDF အမည်ခံ အကြမ်းဖက် သမားများထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးမျိုးမြင့်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကန်ဖြူကျေးရွာ၌ မိုင်းပေါက်ကွဲမှုကြောင့်
အမျိုးသား တစ်ဦး ဒဏ်ရာရရှိမှုမှတ်တမ်းဓာတ်ပုံ။