Language: Myanmar English

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

    အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ လွယ်ဆင်ကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဘိုထွန်း(၅၀)နှစ်သည် တစ်ရွာတည်းနေ မရွှေခိုင်(၁၇)နှစ်၊ မသင်ဇာဝင့်ကျော်(၁၇)နှစ်၊ မယွန်းဝတီမိုး(၁၆)နှစ်၊ မထွေးထွေးဝင်း(၁၈)နှစ်တို့နှင့်အတူ ၎င်းပိုင်ယာခင်းသို့ FAW ခြောက်ဘီးယာဉ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ယာခင်းအနီးအရောက် လမ်းဘေးမှ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)ကထောင်ထားသည့် မိုင်းခြောက်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့ငါးဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    အလားတူ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ တောင်ရွာမကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာနေ ဒေါ်သင်းသင်းအေး(၄၅)နှစ်သည် ကုန်းကြီးကျေးရွာမှ ဆိပ်ဖြူမြို့နယ်၊ တောင်ရွာမကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် တောင်ရွာမကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆိပ်ဖြူမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။
    အလားတူ ည ၁၀ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ BLACK HOUSE ဘီယာဆိုင်အတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်အတွင်း၌ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ဆိုင်အတွင်းရှိနေသူများဖြစ်ကြသည့် ဗဟန်းမြို့နယ်၊ ဆရာစံမြောက်(အရှေ့)ရပ်ကွက်နေ ကိုခွန်အောင်(၂၄)နှစ်၊ ကိုခေါင်ဒေါင်(၂၄)နှစ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေး(တောင်)ရပ်ကွက်နေ ကိုအာကာထက်နိုင်(၂၃)နှစ်တို့တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ တောင်ရွာမကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွား၍ 
အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။