အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသား ငါးဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စိစစ်ခဲ့ရာ စဉ့်ကူးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်ထွက်ခွာလာသည့် စဉ့်ကူး-ကျောက်မြောင်း-ရွှေဘို-စစ်ကိုင်း-မန္တလေး ပြေးဆွဲသော ခရီးသည်တင် မော်တော်ယာဉ်သည် ရွှေဘိုမြို့နယ်၊ တအုံကျေးရွာနှင့် အုန်းပေါက်ကျေးရွာကြားအရောက် ကားလမ်း ယာဘက်ဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့်
ယာဉ်ပေါ်တွင် လိုက်ပါလာသော စဉ့်ကူးမြို့နယ်နေ ဦးကျော်ထွန်းအောင်(၄၁)နှစ်၊ ဦးဇော်မြင့်ဦး(၄၉)နှစ်၊ ဦးထွန်းအောင်ဇော်(၃၉)နှစ်၊ ကိုချမ်းလင်းနောင်(၂၃)နှစ်နှင့် မောင်သက်ပိုင်ဦး(၁၂)နှစ်တို့တွင် မိုင်းပေါက်ကွဲစ ထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာနှင့် အုန်းပေါက်ကျေးရွာကြား၌ ခရီးသည်တင်ယာဉ်အား အကြမ်းဖက်သမားများက
မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ခရီးသွားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။