အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဘိုနီ(ခ)ဦးမောင်နီ(၆၈)နှစ်သည် ၎င်း၏နေအိမ်မှ နွားကျောင်းရန် ထွက်ခွာလာစဉ် ထန်းကုန်းကျေးရွာ၏ အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာ တောစပ်အရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးဘိုနီ(ခ)ဦးမောင်နီတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကန့်ဘလူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ဦးသိန်းတန်(၅၈)နှစ်သည် ၎င်း၏နေအိမ်မှ မြိုင်မြို့နယ်၊ တလင်းယာကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် တလင်းယာကျေးရွာ အနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကထောင်ထားသည့် တိုက်မိုင်း တစ်လုံး ပေါက်ကွဲခဲ့သဖြင့် ဦးသိန်းတန်တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စီတီးရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ရပ်ကွက်ရှိ “Happy Life” ရေကစားကွင်းအနီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကထောင်ထားသည့် လက်လုပ်မိုင်း နှစ်လုံး ပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားရာနေရာအနီး ဖြတ်သန်းသွားလာနေသည့် စစ်ကိုင်းမြို့နယ်၊ ရွာထောင်ရပ်ကွက်နေ ဦးသန်းလွင်(၅၀)နှစ်၊ မအိမ့်ကြည်ဖြူဟန်(၅)နှစ်နှင့် ရွာသစ်ကြီး ကျေးရွာနေ ကိုစိုးသန်းအောင်(၂၅)နှစ်၊ မခင်ချိုမြင့်(၂၇)နှစ်တို့တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ရွာသစ်ကြီးကျေးရွာနေ မဩပြည့်နန္ဒာ(၃)နှစ်တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား စစ်ကိုင်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။