Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

    တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီတွင် ပုလောမြို့နယ်၊ ပိတပ်ကျေးရွာနေ ဦးသီဟ(၃၀)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ပန်းမွှေး(၂၆)နှစ်တို့သည် ၎င်းတို့၏နေအိမ်မှ သင်္ကန်းတောကျေးရွာသို့ မြိတ်-ထားဝယ်ကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ဒေသအခေါ် “တိုကျေးရွာ” တံတားအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ ဇူလိုင် ၂၆ ရက် ညနေ ၄ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးမြင့်ဇော်(ခ)ဖိုးဇော်(၃၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်ဇော်(ခ)ဖိုးဇော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။
    အလားတူ ဇူလိုင် ၂၆ ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ တောင်ရိုးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်မြရွှေ(၅၇)နှစ်သည် ၎င်း၏နေအိမ်အရှေ့ဘက် မီတာ ၁၀၀ ခန့်အကွာ ရွာလမ်းဘေးရှိ ထနောင်းပင်အောက်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့၍ ဒေါ်မြရွှေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကိုးဆူကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးရဲရွှေ(၅၇)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်ရွှေ(၄၂)နှစ်တို့သည် ၎င်းတို့၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် Light Truck အမျိုးအစား အဖြူရောင်မော်တော်ယာဉ် တစ်စီးအား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့သဖြင့် ဦးရဲရွှေနှင့် ဒေါ်ခင်ရွှေတို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ တောင်ရိုးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။