၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀ ရက် နံနက် ၇ နာရီ ၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၁)ရပ်ကွက်၊ သိမ်ချောင်းလမ်း၊ ဝါးတရာစက်မှုဇုန်ရှိ ပိုင်ရှင် ဦးလှကို၏ (၃၀x၁၂၀)ပေ၊ Steel Structure တစ်ထပ် “မွမွလေး” အကြော်စုံစက်ရုံတွင် (၂x၉)ပေ စားအုန်းဆီကန် နှစ်ကန်အား ထင်းမီးဖိုဖြင့် အပူပေးနေစဉ် မီးတောက်များ၍ ဆီကန်အတွင်းရှိ စားအုန်းဆီများအား မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ ရေသယ်ယာဉ် သုံးစီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် စားအုန်းဆီ ၁၁၀ ပိဿာခန့်နှင့် ကုန်ကြမ်းပြောင်းအိတ် သုံးအိတ် မီးလောင်ဆုံးရှုံးခဲ့ပြီး မန်နေဂျာ ဦးမင်းဇော်ဦးအား လှော်ကားနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။