၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အရှေ့လမ်းမတော်လမ်းတွင် ပိုင်ရှင် ဦးစန်းမြင့်၏ (၃၅x၂၀) ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ် “တိုနီ”တည်းခိုခန်းအပေါ်ထပ်တွင် Power Station နှင့် တွဲဖက်အသုံးပြုသည့် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် ရေကြည်မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် (၃၅x၂၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ် “တိုနီ”တည်းခိုခန်း၏ အပေါ်ထပ်နှင့် (၂၂x၁၈)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် တည်ခိုခန်းမန်နေဂျာ ဦးကျော်ထွန်းဦးအား အသုတ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။