Language: Myanmar English

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၁၁၇/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

    ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၇/၂၀၂၃)၊ ရဲဗလတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၉ ရက် နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး တက်ရောက်ခဲ့သည်။
    ဦးစွာမြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးသည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးခဲ့ပြီး၊ ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ယင်းနောက် ရဲချုပ်က အကောင်းဆုံး ကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း သက်ပိုင်ဖြိုး၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖူးပွင့်ဇော်၊ အင်္ဂလိပ်စာထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ရဲနိုင်ထွန်း၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း သက်ပိုင်ဖြိုး၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖူးပွင့်ဇော်တို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ 
    ထို့နောက် ရဲချုပ်က အမှာစကားပြောကြားရာတွင် “စိတ်ဓာတ် စည်းကမ်းကောင်းမွန်ပြီး ခံယူချက်၊ ယုံကြည်ချက်ပြည့်ဝ၍ ကျန်းမာကြံ့ခိုင်သော မျိုးချစ်စိတ်ဓာတ်နှင့် စွမ်းရည်ပြည့်ဝခေတ်မီသည့် ရဲအရာရှိငယ်များ ဖြစ်လာစေရန်” ဆိုသည့်ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ပေးခဲ့ပြီး ဒုတိယရဲအုပ်များအဖြစ် မွေးထုတ်ပေးနိုင်ခဲ့ကာ နေရာဒေသအသီးသီးမှာ ကျရာတာဝန်များကို စွမ်းအားပြည့် ထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် မှာကြားစရာရှိသည်များကို မှာကြားလိုကြောင်း၊
    မိမိတို့နိုင်ငံဟာ လွတ်လပ်ရေးရပြီး မကြာခင်အချိန်မှာပဲ ရောင်စုံသူပုန်များ ထကြွသောင်းကျန်းခဲ့လို့ စစ်ရဲနှင့် မြန်မာပြည်ရဲအဖွဲ့တို့ ပူးပေါင်းလက်တွဲပြီး အရိန္ဒမာစစ်ဆင်ရေးအမည်ဖြင့် သောင်းကျန်းသူများကို နှိမ်နင်းခဲ့ရကြောင်း၊ ပြည်ထောင်စု စစ်ရဲတပ်ရင်းမှ စစ်ရဲဗိုလ်မှူး အေးချိုဟာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကိုပဓာနမထားပဲ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့လို့ နိုင်ငံတော်က အောင်ဆန်းသူရိယဘွဲ့တံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ နိုင်ငံနှင့်လူမျိုးရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပြီး လုပ်ငန်းတာဝန်များကို အသက်ပေးထမ်းရွက်သည့် တပ်ဖွဲ့တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊
    ကျောင်းဆင်းကြမည့် ဒုတိယရဲအုပ်များအနေဖြင့် နောင်တော်ရဲတပ်ဖွဲ့ဝင်များနည်းတူ မိမိတို့ကျရာတာဝန်များကို တာဝန်ကျရာဒေသများမှာ နိုင်ငံအကျိုး၊ ပြည်သူလူထုရဲ့အကျိုးကို ရှေးရှုကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပြီး ထိုသို့တိုင်းပြည်နဲ့လူမျိုးအတွက် စွန့်လွှတ်စွန့်စားကြိုးပမ်းဆောင်ရွက်နေကြသည့် တပ်ဖွဲ့ဝင်များကို နိုင်ငံတော်မှထိုက်တန်သည့် ဂုဏ်ပြုမှုများဖြင့် ချီးမြှင့်ပေးလျက်ရှိကြောင်း၊
    မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ပြီး ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် နောင်တော်တပ်မတော်နှင့်အတူ လက်တွဲ၍ စစ်ဆင်ရေးနဲ့လုံခြုံရေးတာဝန်များအား အောင်မြင်အောင် အလေးထားဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည့်အပြင် မိမိတာဝန်ယူရသည့် နယ်မြေအတွင်း ဒေသနှင့်ကိုက်ညီသည့်နည်းလမ်းများ ချမှတ်အကောင်အထည်ဖော် လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊
    မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုစသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွယ်လျက်ရှိပြီး နိုင်ငံလုံခြုံရေး၊ တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေလျက်ရှိသည့်အပြင် လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ မူးယစ်ဆေးဝါးပပျောက်သည်အထိ စွမ်းစွမ်းတမံ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏လိုအပ်ချက်ကို ဥပဒေနှင့်အညီ စေတနာထားဆောင်ရွက်ပေးပြီး လူမှုရေးလုပ်ငန်းများ၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ 
    တပ်ဖွဲ့အသီးသီးမှာ ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင်ကြရမှာဖြစ်သည့်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်၊ ရဲကျင့်ဝတ်အပါး ၇၀ တို့နှင့်အညီ လိုက်နာကျင့်ကြံနေထိုင်ပြီး ခေါင်းဆောင်မှုအရည်အသွေးများကို ကောင်းစွာသိရှိနားလည်ကာ မိမိတပ်ဖွဲ့က ယုံကြည်အားကိုးရသည့် ရဲအရာရှိကောင်းများဖြစ်လာဖို့ လိုအပ်ကြောင်း၊ အောင်မြင်သည့် ခေါင်းဆောင်ကောင်းများနောက်မှာ အရည်အချင်းပြည့်ဝသည့် နောက်လိုက်ကောင်းများစွာရှိလာမှာဖြစ်ပြီး “နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မည်” ဆိုသည့်အတိုင်း သစ္စာရှိပြီး တာဝန်ကျေပွန်သော နောက်လိုက်ကောင်း တစ်ဦးဖြစ်အောင်လည်း ကြိုးစားသင်ယူသွားကြဖို့ မှာကြားလိုကြောင်း၊ တစ်ဦးချင်း ကျန်းမာကြံ့ခိုင်အောင် “အရက်ဖြတ်၊ ဆေးလိပ်ဖြတ်၊ ကွမ်းယာဖြတ်၊ မူးယစ်ဆေးနဲ့ကင်းအောင်ဖြတ်” ဟူသည့် “ဖြတ် ၄ ဖြတ်” ကိုလိုက်နာပြီး တစ်ဦးချင်း ကိုယ်စီအသိတရား၊ ဆင်ခြင်တုံတရားများဖြင့် ထိန်းသိမ်းနေထိုင်ကာ မိမိကိုယ်ကိုမိမိ တည်ဆောက်ကြရမှာဖြစ်ကြောင်း၊ 
    ရဲတပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝထက်မြက်နေစေရန်အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးမူဝါဒနှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်းဗျူဟာများနှင့် စစ်အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာနေဖို့လိုအပ်ကြောင်း၊ တပ်ဖွဲ့ဝင်အားလုံး လေ့ကျင့်သားပြည့်ဝနေစေရန် တပ်ဖွဲ့အလိုက် တစ်ဦးချင်းကိုင်တွယ်ရမည့် လက်နက်နှင့် ရဲတပ်ဖွဲ့သုံးကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်ရေး လိုအပ်သည့်လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမှာဖြစ်ကြောင်း၊ ဆန်းသစ်ပြောင်းလဲတိုးတက်မှုနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရန် အင်္ဂလိပ်ဘာသာစကားအပါအဝင် အခြားဘာသာစကားများ၊ ကွန်ပျူတာ၊ အင်တာနက်နည်းပညာဆိုင်ရာ ပညာရပ်များကိုလည်း ပိုမိုတိုးတက်ကျွမ်းကျင်အောင် စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အမျိုးသမီးရဲအရာရှိများအနေဖြင့်လည်း မိမိတို့ရောက်ရှိတာဝန်ထမ်းဆောင်ကြရမည့် လက်တွေ့နယ်ပယ်မှာ လေ့ကျင့်သင်ကြားပျိုးထောင်ပေးလိုက်သည့် ပညာရပ်များကို အခြေခံပြီး လက်တွေ့ဘဝနှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းစသည်ဖြင့် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။
    သင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်းနှင့် ရဲအရာရှိကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၁၇)ရဲဗလတပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား ၂၁၇ ဦး၊ တပ်တွင်းဘွဲ့ရ အမျိုးသမီး ၁၂၉ ဦး၊ စုစုပေါင်း ၃၄၆ ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သတင်းရရှိသည်။