Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ငွေကျပ် ၁ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၁၅ သိန်း ဖမ်းဆီးရမိ

    လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၈ ရက် ညနေ ၃ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့၊ (ဂ)ရပ်ကွက်၊ မြို့မဈေးရှေ့တွင် မုံရွာမှ ယင်းမာပင်ဘက်သို့ ခင်မောင်ဆန်း မောင်းနှင်ပြီး လွင်မင်းသန့် လိုက်ပါလာသည့် CANTER ခြောက်ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်း ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၉ ရက် နံနက် ၈ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ကွင်းဆက်တရားခံ ကြင်ဆွန်း(ခ)ကျင်စွမ်းအား HILUX SURF မော်တော်ယာဉ် တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇ သိန်းနှင့်လည်းကောင်း၊ ဩဂုတ် ၉ ရက် နံနက် ၉ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ထွဋ်မြတ်ဦး(ခ)အီးတီ၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ခင်မောင်ဆွေ အား စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄၅ သိန်းနှင့်လည်းကောင်း၊ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးမှကလေးသို့ သယ်ဆောင်ခိုင်းသူ ထွဋ်မြတ်ဦး(ခ)အီးတီအား ဩဂုတ် ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၂၀၁)မိုင်တိုးဂိတ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူတွေ့ရစဉ်။

 မကွေးတိုင်းဒေသကြီး၊ ကျောမြို့တွင် ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူတွေ့ရစဉ်။

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူတွေ့ရစဉ်။