အကြမ်းဖက်သောင်းကျန်းသူများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရွှေတိုက်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါကျေးရွာရှိ ရွှေခြင်္သေ့ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဘုန်းကြီးကျောင်း၌ ရှိနေသည့် ရွှေတိုက်ကျေးရွာနေ ဦးမိုက်ခဲ (၆၆)နှစ်နှင့် ဦးမိုးဦး(၃၇)နှစ်တို့ နှစ်ဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဘုန်းကြီးကျောင်းမှ သံဃာတော် ဥူးပညာနန္ဒ သက်တော် (၃၁)နှစ်၊ ဥူးသီရိဓမ္မ သက်တော် (၂၉)နှစ်နှင့် ရွှေတိုက်ကျေးရွာနေ ဦးမြင့်အောင်(၆၂)နှစ်၊ ဦးဝင်းလှိုင်(၅၇)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော် များနှင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။